DR Congo နှင့် M23 သူပုန်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာမီ စတင်မည်

News Image

  • DR Congo နှင့် M23 သူပုန်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာမီ စတင်မည်

DR Congo နှင့် M23 သူပုန်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မတ်လ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း အန်ဂိုလာနိုင်ငံက မတ်လ ၁၂ ရက်နေ့တွင် ကြေညာခဲ့သည်။ အာဖရိကအလယ်ပိုင်းရှိ ပဋိပက္ခဒဏ်ခံနေရသောနိုင်ငံတွင် ရေရှည်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကို စေ့စပ်ပေးရန် အန်ဂိုလာက ကြိုးပမ်းနေခြင်းဖြစ်သည်။

ဆွေးနွေးပွဲများကို အန်ဂိုလာနိုင်ငံ၏မြို့တော် Luanda တွင် ကျင်းပမည်ဖြစ်ကြောင်း အန်ဂိုလာသမ္မတ Joao Goncalves Lourenco ၏ ရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

DR Congo သမ္မတ Felix Tshisekedi သည် အန်ဂိုလာသမ္မတနှင့် DR Congo အရှေ့ပိုင်းရှိ ပဋိပက္ခများကို ဆွေးနွေးရန် Luanda သို့ သွားရောက်ခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ အန်ဂိုလာ သမ္မတ သည် လက်ရှိတွင် အာဖရိကသမဂ္ဂ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

သယံဇာတကြွယ်ဝသော DR Congo ၏ အရှေ့ပိုင်းပြည်နယ်များတွင် ဇန်နဝါရီလက ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့ပြီး M23 သူပုန်များက North Kivu မြို့တော် Goma နှင့် South Kivu မြို့တော် Bukavu အပါအဝင် အဓိကမြို့ကြီးများစွာကို သိမ်းပိုက်ခဲ့သည်။ ပြီးခဲ့သည့် အပတ် က Kinshasa ကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ်အတွင်း လူပေါင်း ၈,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

DR Congo သည် အိမ်နီးချင်းနိုင်ငံဖြစ်သော ရဝန်ဒါကို M23 သူပုန်များကို ထောက်ခံသည်ဟု မကြာခဏပင် စွပ်စွဲခဲ့ပြီး ထိုစွပ်စွဲချက်ကို အနောက် နိုင်ငံအချို့ကလည်း ထောက်ခံခဲ့သည်။ ရဝန်ဒါကမူ ယင်းစွပ်စွဲချက်များ ကို မမှန်ကန်ကြောင်း အမြဲငြင်းဆိုခဲ့သည်။

DR Congo အာဏာပိုင်များသည် ယခင်က သူပုန်များနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီး ရဝန်ဒါက Kinshasa အား M23 နှင့် တိုက်ရိုက်ဆွေးနွေးရန် တောင်းဆိုခဲ့သည့်နောက် အန်ဂိုလာမှ စေ့စပ်ပေးသော ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ရပ်ဆိုင်းခဲ့သည်။ ယခုလ အစောပိုင်းတွင် DR Congo ဝန်ကြီးချုပ် Judith Suminwa Tuluka က BBC သို့ပြောကြားရာတွင် သူမ၏အစိုးရသည် ရဝန်ဒါနှင့်သာ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ရဝန်ဒါသည် “DR Congo ၏ နယ်မြေပိုင်နက်နှင့် အချုပ်အခြာ အာဏာကို ကျူးကျော်သူ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အန်ဂိုလာသမ္မတ Joao Lourenco ၏ ရုံးမှ မတ်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွင် နှစ်ဖက်အဖွဲ့များသည် မတ်လ ၁၈ ရက်နေ့တွင် အန်ဂိုလာမြို့တော် Luanda ၌ “တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ” စတင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂