ဂျိုးဘိုင်ဒင်လက်ထက် ရုရှားဘဏ္ဍာရေး အဖွဲ့အစည်းများအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို အမေရိကန်က ရက်ပေါင်း ၆၀ ကင်းလွတ်ခွင့်ပြု

News Image

  • ဂျိုးဘိုင်ဒင်လက်ထက် ရုရှားဘဏ္ဍာရေး အဖွဲ့အစည်းများအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို အမေရိကန်က ရက်ပေါင်း ၆၀ ကင်းလွတ်ခွင့်ပြု

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်က ရုရှားဘဏ္ဍာရေး အဖွဲ့အစည်းများအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ရက်ပေါင်း ၆၀ ကင်းလွတ်ခွင့်ပြုခဲ့ကြောင်းသိရသည်။

ဘိုင်ဒင်အစိုးရသည် အမေရိကန်ဒေါ်လာဖြင့် ပေးချေသည့် အခြေခံအဆောက်အဦများအား အသုံးပြုခွင့်ကန့်သတ်နိုင်ရန်အတွက် ရုရှားဗဟိုဘဏ် အပါအဝင် စွမ်းအင်ကဏ္ဍရှိ ရုရှားဘဏ္ဍာရေး အဖွဲ့အစည်း ၁၂ ခုအပေါ် ပိတ်ဆို့မှုများ ချမှတ်ထားခြင်းဖြစ်ပြီး ၎င်းပိတ်ဆို့မှုများကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက မတ်လ ၁၃ ရက်တွင် ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပိတ်ဆို့မှုများအား ကင်းလွတ်ခွင့်ပြုထားသည့် ကာလအတွင်း ရုရှားနိုင်ငံအနေဖြင့် ပေးချေရန် ကျန်ရှိနေသည့် ငွေကြေးကိစ္စရပ်များကို ရှင်းလင်းနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိသမ္မတဒေါ်နယ်ထရမ့်သည် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍  ရုရှားနှင့် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန်အတွက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ရုရှားအစိုးရအနေဖြင့် ယူကရိန်းပဋိပက္ခတွင် အပေးအယူ လုပ်ဆောင်ရန် တွန့်ဆုတ်နေမည်ဆိုပါက ပိတ်ဆို့မှုများ ထပ်မံချမှတ်သွားမည်ဟု ထရမ့်အစိုးရက သတိပေးထားကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့် စစ်မက်ဖြစ်ပွားခြင်းကို ဖြေရှင်းနိုင်ရန်အတွက် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ခြင်းအပေါ် အဓိကထားလုပ်ဆောင်လျက်ရှိပြီး    မိမိတို့၏ ရည်မှန်းချက်များ  ပြည့်ဝစေရန်အတွက် ပိတ်ဆို့မှုများကို ဖိအားပေးမှုအဖြစ် ဆက်လက်ဖော်ဆောင်သွားမည်ဟု အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

Source: https://myawady.net.mm/