အာဂျင်တီးနားပင်စင်စားများ ဆန္ဒပြရာတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် ရာဘာကျည်ဆံဖြင့် ပစ်ခတ်နှိမ်နင်း
မတ်လ ၁၄ ရက်နေ့တွင် အာဂျင်တီးနား လွှတ်တော်ရှေ့၌ ဆန္ဒပြနေသည့် အငြိမ်းစားပင်စင်စားများကို ရဲများက ရာဘာကျည်ဆံများနှင့် ပစ်ခတ်ပြီး ဆန္ဒပြမှုကို ဖြိုခွင်းခဲ့ကြောင်း သိရပါသည်။
ပင်စင်လစာနှင့် လူနေထိုင်မှုစရိတ်မမျှမတဖြစ်နေခြင်းကြောင့် ပင်စင်စား သက်ကြီးပိုင်းများက အပတ်စဉ် လွှတ်တော်ရှေ့၌ ဆန္ဒပြခဲ့ကြသည်။ သက်ကြီးရွယ်အိုများအား မျက်ရည်ယိုဗုံးများ အသုံးပြုခြင်းအပါအဝင် ယခင်ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သော်လည်း မတ်လ ၁၃ ရက်နေ့ ဆန္ဒပြမှုသည် အကြီးမားဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်ကြောင်း ဆိုသည်။
မြို့တော် ဗျူနိုအေရီ လွှတ်တော်အပြင်ဖက်၌ သက်ကြီးပိုင်းများ ဆန္ဒပြနေစဉ် အကြမ်းဖက်ဆန္ဒပြသမားများ ထပ်မံရောက်ရှိလာပြီး ရဲတပ်ဖွဲ့များကို ကျောက်ခဲဖြင့်ပစ်ခတ်ခြင်း၊ တွေ့သမျှအရာများကို ရိုက်ချိုးဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်များကို အသုံးပြုကာ ပစ်ခတ်ခဲ့ကြသည်။
ဆန္ဒပြပွဲအစ၌ ငြိမ်းချမ်းစွာ စတင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့်ဖြိုခွင်းခဲ့သဖြင့် အကြမ်းဖက်လိုသူများက ကျောက်ခဲများနှင့် တုန့်ပြန်ပစ်ခတ်မှုများ လုပ်ဆောင်လာခြင်းကြောင့် ရဲများက ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ် နှိမ်နင်းမှုများလုပ်ဆောင်ခဲ့ကြပါသည်။ ပြင်းထန်သည့် ရုန်းရင်းဆန်ခတ် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် ကွန်ဂရက်လွှတ်တော် နန်းတော်တစ်ဝိုက် ၌ မျက်ရည်ယိုဗုံးများမှ အငွေ့များ ထူထပ်စွာဖုံးလွှမ်းသွားခဲ့ပြီး အဆိုပါ ဖြစ်ရပ်များအကြား ရဲကားတစ်စီး မီးလောင်ပျက်စီးခဲ့ကာ မြို့အနှံ့ အမှိုက်ပုံးများ မီးလောင်မှုဖြစ်ပွားခဲ့သည်။
အချို့သော အကြမ်းဖက်ဆန္ဒပြသမားများက အရာရှိများကို တုတ်များ၊ သံဘူးများဖြင့် ပစ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၈၀၀ ခန့် ဖြန့်ကြက်ချထားကာ ဆန္ဒပြပွဲအားနှိမ်နှင်းရန် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ဆောင်ရွက်ခဲ့ရသည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုများအတွင်း အနည်းဆုံး ဆန္ဒပြသူ ၂၀၀ ခန့် ဒဏ်ရာရကာ ၂၀ ဦး ဆေးရုံတင်ထားရပြီး ၁၀၀ ကျော် ထိန်းသိမ်းထားကြောင်း ဗျူနိုအေရီသံတော်ဆင့် သတင်းအရ သိရှိရပါသည်။
ကိုးကား-RT
Photo: www.aa.com.tr
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂