မော်စကိုက ထရမ့်၏ ယူကရိန်းကိုယ်စားလှယ် Kellogg ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ တားမြစ်

News Image

  • မော်စကိုက ထရမ့်၏ ယူကရိန်းကိုယ်စားလှယ် Kellogg ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ တားမြစ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရုရှားနှင့်ယူကရိန်းပဋိပက္ခအတွက် အထူးကိုယ်စားလှယ် Keith Kellogg ကို မော်စကို၏တောင်းဆိုချက်အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မပေးတော့ကြောင်း NBC သတင်းဌာနက မတ်လ ၁၃ ရက်(ကြာသပတေး)နေ့တွင် သတင်းရင်းမြစ်များကိုကိုးကားပြီး ဖော်ပြခဲ့ပါသည်။ အဆိုပါသတင်း၌ ရုရှားတာဝန်ရှိ ပုဂ္ဂိုလ်များက Kellogg သည် စစ်ရေးအရ လွန်စွာတင်းမာသူဖြစ်ပြီး “ယူကရိန်းနှင့် နီးစပ်လွန်းသူ” ဟု ရှုမြင်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်စစ်တပ်မှ အငြိမ်းစားဗိုလ်ချုပ်ကြီး Kellogg သည် လွန်ခဲ့သော လက ဆော်ဒီအာရေဗျ၌ကျင်းပခဲ့သော ရုရှား-အမေရိကန် ဆွေးနွေးပွဲနှင့် ယခုသီတင်းပတ်အတွင်း ဂျီဒါမြို့၌ ကျင်းပခဲ့သော အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲနှစ်ခုစလုံးတွင် ပါဝင်ခဲ့ခြင်းမရှိပေ။

အိမ်ဖြူတော်ကလည်း ထရမ့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် Steve Witkoff သာ Kellogg အစား ရုရှားနှင့် နောက်ထပ် ညှိနှိုင်းဆွေးနွေးပွဲများတွင် တက်ရောက်မည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီ Witkoff သည် မတ်လ ၁၃ ရက်(ကြာသပတေး)နေ့ ညနေပိုင်းတွင် မော်စကို သို့ ရောက်ရှိခဲ့ပါသည်။

ထရမ့်အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကလည်း မော်စကိုက Kellogg ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ မပါဝင်စေလိုကြောင်းအတည်ပြုခဲ့ပါသည်။ အခြားရင်းမြစ်တစ်ခုကလည်း Kellogg ကို ဖယ်ထုတ်လိုက်ခြင်းသည် ၎င်းကို “စိတ်ထိခိုက်စေသည်” ဟု ဆိုခဲ့ပြီး Kellogg ၏ ရုံးအဖွဲ့နှင့် မော်စကိုတို့က အဆိုပါသတင်းနှင့်ပတ်သက်၍ မှတ်ချက်မပြုသေးပေ။

Kellogg သည် ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ထရမ့်၏ တောင်းဆိုချက်ကို ထောက်ခံခဲ့သော်လည်း ငြိမ်းချမ်းရေးရရန် ၎င်း၏အမြင်များသည် မော်စကို၏ သဘောထားနှင့်ကိုက်ညီမှုမရှိဟု ဆိုသည်။ ၎င်းသည် အမေရိကန်က ယူကရိန်းကို ဆက်လက်ထောက်ပံ့ရေး အစီအစဉ်ကို ထောက်ခံခဲ့ပြီး ရုရှားက ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ပဋိပက္ခကို ပိုမို ရှည်ကြာစေမည်ဟု ဆိုပါသည်။ လက်ရှိစစ်မျက်နှာများတွင် ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းကထောက်ခံခဲ့သော်လည်း မော်စကို အနေဖြင့် ရေရှည်တည်တံ့သည့် ဖြေရှင်းချက်ကိုသာ ရလိုကြောင်း ဆိုပါသည်။ Kellogg သည် ရုရှား ထံမှသိမ်းယူထားသည့် နိုင်ငံခြားအရန် ငွေကြေးများကို ယူကရိန်းပြန်လည်တည်ဆောက်ရေးနှင့် လက်နက်ပြန်လည် တပ်ဆင်ရေးတို့တွင် အသုံးပြုရန် တွန်းအားပေးခဲ့သူဖြစ်သည်။ 

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂