အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားနိုင်ငံက သဘောတူညီခြင်း မရှိပါက ပိတ်ဆို့မှုသစ်များ ထပ်မံချမှတ်မည်ဟု G7 အဖွဲ့ခြိမ်းခြောက်
ရုရှားနိုင်ငံအနေဖြင့် အမေရိကန်က အဆိုပြုသည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သဘောတူညီခြင်းမရှိပါက ပိတ်ဆို့မှုသစ်များ ထပ်မံချမှတ်မည်ဟု စက်မှုအင်အားကြီးနိုင်ငံ(G7) က ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း သိရသည်။
အပစ်အခတ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ G7 အဖွဲ့ဝင်နိုင်ငံများကြား ကွဲပြားမှုများကို ကျော်လွှားနိုင်ခဲ့ပြီး သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကဲ့သို့ အပစ်အခတ်ရပ်စဲရန် သဘောတူညီခြင်း မရှိပါက ပိတ်ဆို့မှုသစ်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်ဟု G7 အဖွဲ့မှ သံတမန်များ၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက မတ်လ ၁၄ ရက်တွင် ဖော်ပြသည်။
ထို့ပြင် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီရန်အတွက် ရုရှားနိုင်ငံအား G7 အဖွဲ့ဝင်နိုင်ငံများက ထောက်ခံကြောင်း ၎င်းအဖွဲ့ကထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။
အကယ်၍ ရုရှားနိုင်ငံက အပစ်အခတ် ရပ်စဲရေးကို သဘောတူညီခြင်းမရှိပါက G7 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံ၏ ရေနံဈေးနှုန်းများကို ထိန်းချုပ်ကန့်သတ်ခြင်းအားဖြင့် စွမ်းအင်ကဏ္ဍအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်၍ ယူကရိန်းနိုင်ငံသို့ အကူအညီများ ဆက်လက်ပေးအပ်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Source: https://myawady.net.mm/