ဆော်ဒီဆွေးနွေးပွဲ၌ ကိယက်ဗ်က အောင်မြင်ခဲ့ကြောင်း အများကလက်ခံ ဟု ဇီလန်စကီးဆို

News Image

  • ဆော်ဒီဆွေးနွေးပွဲ၌ ကိယက်ဗ်က အောင်မြင်ခဲ့ကြောင်း အများကလက်ခံ ဟု ဇီလန်စကီးဆို

ဗလာဒီမာဇီလန်စကီးက ဆော်ဒီအာရေဗျတွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်နှင့် ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲများ၌ ကိယက်ဗ်၏ သံတမန်ရေးရာ ကျွမ်းကျင်မှုများကို ၎င်းအားထောက်ခံသူ အနောက် ဥရောပနိုင်ငံများက လှိုက်လှဲစွာချီးကျူးဂုဏ်ပြုခဲ့ကြကြောင်း ပြောကြား ခဲ့သည်။ ၎င်းက ကိယက်ဗ်၏ သံတမန်ရေးရာအောင်ပွဲသည် ရုရှားကို ခက်ခဲသောအခြေအနေတစ်ရပ်သို့ ရောက်ရှိစေပြီး ရုရှားအနေဖြင့် ထို အခြေအနေမှလွတ်မြောက်ရန်ခက်ခဲနိုင်ကြောင်း ပြောကြားခဲ့သည်။

မတ်လ ၁၃ ရက်နေ့က ဂျီဒါမြို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခုတွင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်မှ အဆိုပြုထားသည့် ၃၀ ရက်ကြာ စစ်ရပ်စဲရေးကို သဘောတူညီခဲ့သည်။

အစည်းအဝေးမစတင်မီ ရက်ပိုင်းအတွင်း ယူကရိန်းတို့ ကျူးကျော် သိမ်းပိုက် ထားသော Kursk ဒေသတွင် ရုရှားက တန်ပြန်ထိုးစစ် ပြင်းထန်စွာ ဆင်နွှဲ ခဲ့ကာ ၎င်း၏နယ်မြေ စတုရန်းကီလိုမီတာရာနှင့်ချီကာ ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီး ယူကရိန်းတပ်များ ယခင်က သိမ်းပိုက်ထားခဲ့သည့် Sudzha မြို့ ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ရုရှားစစ်ဦးစီးချုပ် General Valery Gerasimov က ထိုဒေသတွင်ရှိသော ယူကရိန်းတပ်များသည် ရုရှားတပ်ဖွဲ့များ၏ ဝိုင်းပတ်ပိတ်ဆို့မှုကို ခံနေ ရကြောင်းပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုဒေသ တွင်ပိတ်မိနေသည့် ထောင်ချီသောယူကရိန်းစစ်သားများကို မသတ်ဖြတ် ရန် မော်စကိုကို တောင်းဆိုခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က ပိတ်ဆို့ ခံထားရသည့် ယူကရိန်းစစ်သားများ လက်နက်ချပါက ကျင့်ထုံးများနှင့် အညီ ဆောင်ရွက်မည်ဟု အာမခံခဲ့သည်။

ယူကရိန်းစစ်ဦးစီးချုပ်နှင့် ဇီလန်စကီးတို့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယူကရိန်းတပ်များ Kursk ဒေသတွင် ဝိုင်းပတ် ပိတ်ဆို့ ခံထားရသည်ဟူသော အချက်ကိုငြင်းဆိုခဲ့သည်။

ယူကရိန်းခေါင်းဆောင်က အမေရိကန်မှ အဆိုပြုထားသည့် စစ်ရပ်စဲရေး အစီစဉ်ကို မော်စကိုမှ “ကန့်သတ်ချက်မရှိ” သဘောတူညီရန် တောင်းဆို ခဲ့သည်။ ပူတင်က အမေရိကန်၏ စစ်ရပ်စဲရေးအဆိုပြုချက်ကို အကြမ်းဖျင်း အားဖြင့် လက်ခံနိုင်ကြောင်း၊ ထပ်မံဆွေးနွေးရမည့် အသေးစိတ်အချက်များ ကျန်ရှိနေသေးကြောင်းနှင့် Kursk ဒေသတွင်ရှိသော ယူကရိန်း တပ်များ ၏ ကံကြမ္မာအပါအဝင် စစ်ရပ်စဲရေးကို စောင့်ကြည့်ဖြေရှင်းရန် အစီအမံ များ လိုအပ်ကြောင်း ဆိုခဲ့သည်။

ပြင်သစ်နှင့် ဗြိတိန်တို့ကလည်း ရုရှားအား ကန့်သတ်ချက်မရှိသော ယာယီ အပစ်အခတ်ရပ်စဲရေးကို သဘောတူရန်တောင်းဆိုခဲ့ပြီး ရုရှားသမ္မတ ဟောင်း Dmitry Medvedev က ဗြိတိန်သည် ထိုကဲ့သို့သော အကြံဉာဏ် များကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို ပြန်လည်စဉ်းစားသင့်ကြောင်း ပြင်းပြင်းထန်ထန် ပြန်လည်ဝေဖန်ခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂