Trump က Putin နှင့် ဖုန်းဖြင့်ထပ်မံဆွေးနွေးမည့်ရက်အား ကြေညာ
အမေရိကန်သမ္မတ Donald Trump က ရုရှားသမ္မတ Vladimir Putin နှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ယူကရိန်းပဋိပက္ခတွင် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေး အလားအလာများကို မတ်လ ၁၈ ရက်(အင်္ဂါ)နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမည်ဟု ပြောကြားခဲ့ပါသည်။
Reuters သတင်းထောက် Jeff Mason ၏အဆိုအရ Trump က မတ်လ ၁၆ ရက်နေ့က Air Force One ပေါ်၌ သတင်းထောက်များကို ပြောကြားရာတွင် မတ်လ ၁၈ ရက်တွင် Putin နှင့် စကားပြောရန် စီစဉ်ထားပြီး ယူကရိန်းနှင့်ပဋိပက္ခ အဆုံးသတ်နိုင်ရေး၊ နယ်မြေပိုင်ဆိုင်မှုနှင့် ဓာတ်အားပေးစက်ရုံကိစ္စရပ်များအား ဆွေးနွေးကြမည်ဟု ဆိုသည်။
အဆိုပါ သတင်းအပေါ် ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကလည်း အတည်ပြုခဲ့သည်။
အမေရိကန်အထူးကိုယ်စားလှယ် Steve Witkoff က မော်စကို၌ Putin နှင့် တွေ့ဆုံဆွေးနွေးမှုများသည် အပြုသဘောဆောင်ကြောင်း ဖော်ပြခဲ့ပြီး ရုရှားနှင့် ယူကရိန်းနှစ်ဖက်စလုံးအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများတွင် ပိုမိုနီးစပ်လာသည်ဟု ဖော်ပြခဲ့ပါသည်။ မတ်လ ၁၅ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြားသံတမန်လုပ်ငန်းများ ပြန်လည်ထူထောင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးတွင်အခြားအငြင်းပွားဖွယ်ရာကိစ္စရပ်များကိုဖြေရှင်းနိုင်ရေးဆွေးနွေးခဲ့ကြကြောင်း ဆိုသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂