ရုရှားနှင့်ပတ်သက်သည့် EU ဦးဆောင်စုံစမ်းစစ်ဆေးမှုအဖွဲ့မှ အမေရိကန် နုတ်ထွက်မည်
အမေရိကန်သမ္မတ Donald Trump ၏ အစိုးရအဖွဲ့သည် ယူကရိန်း ပဋိပက္ခနှင့် ဆက်စပ်နေသော ရုရှားရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန် ရည်ရွယ်၍ဖွဲ့စည်းထားခဲ့သော ICPA မှ နုတ်ထွက်ရန် စီစဉ်နေကြောင်း New York Times က မတ်လ ၁၇ ရက်(တနင်္လာ)နေ့တွင်ဖော်ပြခဲ့သည်။
အမေရိကန်တရားမျှတရေးဌာန (DOJ) သည် ရုရှား၊ ဘယ်လာရုစ်၊ မြောက်ကိုရီးယားနှင့် အီရန်တို့ကို စွပ်စွဲထားသော ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသော EU ကြီးမှူးသည့် (ICPA) မှ နုတ်ထွက်မည်ဟု ဆိုသည်။
အမေရိကန်သည် ၂၀၂၃ ခုနှစ်တွင် ICPA ၌ ဥရောပမဟုတ်သော တစ်ခုတည်းသော အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ NYT ၏ သတင်းရင်းမြစ်များအရ ဝါရှင်တန်သည် တရားဝင်ကြေညာချက်မထုတ်ပြန်မီ ဥရောပ မိတ်ဖက်များအား ၎င်း၏နုတ်ထွက်မည့်အစီအစဉ်ကို အသိပေးထားကြောင်း ဆိုသည်။
Trump ၏ အစိုးရအဖွဲ့ဝင်များက အစိုးရအသုံးစရိတ်များ ပိုမို လျှော့ချခြင်း အစီအစဉ်ကို ကိုးကား၍ နုတ်ထွက်ခြင်းကို မှန်ကန်ကြောင်း ပြောကြားခဲ့သည်။ DOJ သည် အမေရိကန်ပါဝင်မှုကို ကနဦးကြေညာစဉ်က ICPA ကို ဒေါ်လာ ၁ သန်း ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။
ထို့အပြင် NYT သတင်းရင်းမြစ်များအရ ဝါရှင်တန်သည် စစ်ရာဇဝတ်မှုများအတွက် ရုရှားကိုတရားစွဲဆိုမှုများနှင့်ပတ်သက်၍ လေ့ကျင့်ပေးရန် ၂၀၂၂ ခုနှစ်တွင်ဖွဲ့စည်းထားသော WarCAT အဖွဲ့၏ လုပ်ငန်းတာဝန်များကို လျှော့ချနေသည်ဟုဆိုသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂