ရုရှားနှင့်ငြိမ်းချမ်းရေးရယူနိုင်ရန် ယူကရိန်းအနေဖြင့် ပိုင်နက်နယ်မြေများ ကိုစွန့်လွှတ်နိုင်ရေး ပြင်ဆင်ရမည်ဟု အမေရိကန်အစိုးရပြော
ယူကရိန်းအနေဖြင့် ရုရှားနှင့် ငြိမ်းချမ်းရေးရယူနိုင်ရေး ဆွေးနွေးရာတွင် ပိုင်နက်နယ်မြေအချို့ကို စွန့်လွှတ်နိုင်ရေး ပြင်ဆင်ထားရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လုံခြုံရေးအကြံပေး မိုက်ဝေါ့က ထုတ်ဖော်ပြောဆိုလိုက်ပါသည်။
အမေရိကန်အစိုးရသည် လက်ရှိအချိန်တွင် ရုရှားနှင့်ယူကရိန်းနိုင်ငံကြား ရက် ၃ဝ ကြာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ရုရှားကိုဖိအားပေးမှု ဆက်လက် လုပ်ဆောင်ရန် အဆင်သင့်ရှိနေသည်ဟု ၎င်းကပြောသည်။ ယူကရိန်းက ခရိုင်းမီးယားဒေသအပြင် ဒွန်းညက်စ်၊ လူဟန့်၊ ခါဆွန်၊ ဇာပိုရိုဟီ ဒေသ များသည် ၎င်းတို့ပိုင်နက်များဖြစ်ကြောင်း ပြောဆိုထားပြီး လက်ရှိအချိန်တွင် အဆိုပါဒေသများသည် ရုရှားထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသည်။ ခရိုင်းမီးယားဒေသသည် ၂၀၁၄ ခုနှစ် စစ်ပွဲဖြစ်လာခဲ့ပြီးနောက် ရုရှား ပိုင်နက်ဖြစ်ခဲ့ကာ ဒွန်းညက်စ်၊ လူဟန့်၊ ခါဆွန်၊ ဇာပိုရိုဟီ ဒေသများသည်လည်း ၂၀၂၂ ခုနှစ် စစ်ပွဲများအတွင်း ရုရှားထိန်းချုပ်မှုအောက် ထပ်မံ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူက “ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးရယူနိုင်မည့် အလားလာများတွင် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်ပေးရမည့်အချက်များလည်းပါဝင်မည်ဖြစ်ပြီး ယူကရိန်း အနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နိုင်ရေးအစီအစဉ်ကို လက်လျှော့ရမည် ဖြစ်ကြောင်း၊ ခရိုင်းမီးယားအပါအဝင် ယူကရိန်းပိုင်နက်များကို ပြန်ပေးရန် ကြိုးပမ်းမှုများသည် လက်တွေ့မဆန်ကြောင်းနှင့် အမေရိကန်အစိုးရသည် ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရန် မြေပြင်အခြေနေမှန်ကို အဓိကထားကာ ကြိုးပမ်းမည်” ဟု ပြောဆိုခဲ့သည်။
ကိုးကား-NP News