အမေရိကန်သမ္မတ၏အမိန့်ကြောင့် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့ လုပ်ငန်းများ ရပ်ဆိုင်းရတော့မည်

News Image

  • အမေရိကန်သမ္မတ၏အမိန့်ကြောင့် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့ လုပ်ငန်းများ ရပ်ဆိုင်းရတော့မည်

သမ္မတထရမ့်၏အမိန့်သစ်တစ်ရပ်ကြောင့် အမေရိကန်အခြေစိုက် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့၏လုပ်ငန်းများကို ရပ်ဆိုင်းရဖွယ် ရှိနေပါသည်။ သမ္မတဒေါ်နယ်ထရမ့်သည် သတင်းဌာနများကို စီမံ ကိုင်တွယ်သည့် ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) နှင့် အခြား အစိုးရအေဂျင်စီ ၆ ခု၏ လှုပ်ရှားဆောင်ရွက်မှုများကို အနည်းဆုံး ဖြစ်စေရန်လုပ်ဆောင်ရမည်ဟူသော ညွှန်ကြားချက်ကို လွန်ခဲ့သော ရက်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

VOA သတင်းဌာနသည် သတင်းထောက်၊ ထုတ်လုပ်ရေးမှူးနှင့် အထောက်အကူပြုဝန်ထမ်းပေါင်း ၁၃၀၀ နီးပါးအား လစာနှင့် ခွင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတ၏ အဆိုပါညွှန်ကြားချက်ကြောင့် VOA နှင့် RFA အပါအဝင် သတင်းဌာနအချို့ရှိ မြန်မာဘာသာစကား အစီအစဉ်များ အပါအဝင် ဘာသာစကား အမျိုးမျိုးဖြင့်တင်ဆက်နေသည့် သတင်း ထုတ်လွှင့်မှုများအပေါ်တိုက်ရိုက် ထိခိုက်သက်ရောက်လာခြင်းဖြစ်သည်။

VOA သတင်းဌာန ညွှန်ကြားရေးမှူးချုပ် မိုက်ခ်အေဘရာမိုဝစ်ဇ်က' “နှစ်ပေါင်း ၈၃ နှစ်အတွင်း အမေရိကန်အသံ ပထမဆုံးအကြိမ် အပိတ်ခံ လိုက်ရပြီ'” ဟု ၎င်း၏ ဆိုရှယ်မီဒီယာအကောင့်တွင် ရေးသားခဲ့ပြီး ခွင့်ပေးခံရသူများထဲတွင် ၎င်းကိုယ်တိုင်လည်း ပါဝင်သည်ဟုပြောသည်။

ထို့အပြင် “အမေရိကန်အစိုးရက RFA နှင့် မိတ်ဖက်သတင်း ဌာနများအတွက် နှစ်စဉ်ပေးအပ်နေသော ထောက်ပံ့ငွေများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်၊ (စနေနေ့) နံနက်ပိုင်းမှစတင်ရပ်ဆိုင်းလိုက်ပြီ” ဟူသည့် အကြောင်းကြားစာရရှိသည့်အကြောင်း လွတ်လပ်သည့်အာရှအသံ (RFA) က သတင်းထုတ်ပြန်ထားသည်။

USAGM အထူးအကြံပေး ကာရီလိတ်ခ်က RFA ဥက္ကဋ္ဌ ထံသို့ ပေးပို့သည့် စာတွင် RFA ကို ရန်ပုံငွေဖြတ်တောက် လိုက်ပြီဖြစ်ကြောင်းနှင့် အသုံးမပြု ရ သေးသည့်ရန်ပုံငွေများကိုလည်း အစိုးရထံ အချိန်မဆိုင်းဘဲ ပြန်လွှဲပေး ရန်လည်းပါဝင်သည်ဟု RFA က သတင်းထုတ်ပြန်ထားသည်။

ထရမ့်၏အမိန့်ကြောင့် သတင်းလုပ်ငန်းများ မည်သည့်အချိန်တွင် မည်ကဲ့သို့ ရပ်ဆိုင်းမည်ဆိုသည်ကို ယခုအချိန်၌ ရှင်းလင်းစွာ မသိရသေးဟုလည်း RFA က ပြောထားပါသည်။

ကိုးကား-NP News