ဗီယက်နမ်၏ မိုဘိုင်းအင်တာနက်အမြန်နှုန်းသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံ ၂၀ စာရင်းတွင် ပါဝင်လာ

News Image

  • ဗီယက်နမ်၏ မိုဘိုင်းအင်တာနက်အမြန်နှုန်းသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံ ၂၀ စာရင်းတွင် ပါဝင်လာ

ဗီယက်နမ်၏ မိုဘိုင်းအင်တာနက်အမြန်နှုန်းသည် ဖေဖော်ဝါရီလတွင် 144 Mbps သို့ ရောက်ရှိခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ထိပ်တန်း မိုဘိုင်းအင်တာနက်အမြန်နှုန်း အမြင့်ဆုံး နိုင်ငံ ၂၀ စာရင်းတွင် ပါဝင်လာ ခဲ့ပြီး Broadband အမြန်နှုန်းနှင့် နီးစပ်လာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အမြန်နှုန်းများကို စာရင်းပြုစုလျက်ရှိသော Ookla ၏အချက်အလက်များအရ Vietnam သည် အဆင့် ၁၉ တွင် ရပ်တည်နေပြီး အိန္ဒိယ၊ ဖင်လန်နှင့် ပြင်သစ်တို့ကို ကျော်တက်သွားခဲ့သည်။

ယူအေအီးသည် 543.91 Mbps ဖြင့် မိုဘိုင်းအင်တာနက်အမြန်နှုန်းတွင် ဦးဆောင်နေဆဲဖြစ်ပြီး စင်္ကာပူသည် 345.33 Mbps ဖြင့် Broadband အမြန်နှုန်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။

5G ကွန်ယက်စနစ်ကို Viettel မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ နှင့် VinaPhone မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်မိတ်ဆက်ခဲ့ခြင်းတို့သည် အချိန်ကြာမြင့်စွာ ရပ်တန့်နေခဲ့သည့် အင်တာနက် အမြန်နှုန်းများ အရှိန်မြင့်တက်လာခြင်းကို အဓိကအထောက်အကူပြုခဲ့သည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် Vietnam ၏ မိုဘိုင်းအင်တာနက်အမြန်နှုန်းမှာ 54.17 Mbps နှင့် ကမ္ဘာ့အဆင့် ၅၁ ဖြစ်ခဲ့သော်လည်း ခြောက်လအတွင်း သုံးဆနီးပါး တိုးတက်လာခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ iSpeed ဖြင့် စမ်းသပ်တွေ့ရှိချက်များအရ ယင်းအင်တာနက်အမြန်နှုန်းကို အတည်ပြုခဲ့ပြီး ဗီယက်နမ်၏ 5G Download Speed ကို ဖေဖော်ဝါရီလတွင် 187.58 Mbps အဖြစ် မှတ်တမ်းတင်ခဲ့သည်။ Viettel သည် ပျမ်းမျှ 5G Download Speed 226.27 Mbps ဖြင့် ပြည်တွင်းအင်တာနက်ဝန်ဆောင်မှုများ၌ ဦးဆောင်နေပြီး VNPT သည် 157.17 Mbps ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂