“အဆင့်အမြင့်ဆုံး အဆင့်မြှင့် လှုပ်ရှားမှု” ဖြင့် အစ္စရေးအား တိုက်ခိုက်သွားမည်ဟု ဟူသီလက်နက်ကိုင် အဖွဲ့ကြေညာ
ကူဝိတ်စီးတီး၊ မတ် ၁၉ ရက်
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ၌ အကြီးစားလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ဟူသီလက်နက်ကိုင် အဖွဲ့သည် “အဆင့်အမြင့်ဆုံး အဆင့်မြှင့်လှုပ်ရှားမှု” ဖြင့် အစ္စရေးအား တိုက်ခိုက်သွားမည်ဟု ယီမင် ဟူသီ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် Abdul Malik Houthi က မတ် ၁၈ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် “အဆင့်အမြင့်ဆုံး အဆင့်မြှင့်လှုပ်ရှားမှု” အား ပြန်လည်ဖော်ဆောင်သွားမည်ဖြစ်ပြီး အစ္စရေးအား အစွမ်းကုန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ယင်းကြောင့် “ဖြစ်ပွားလာနိုင်သော အမေရိကန်၏ ယီမင်အပေါ် ကျူးကျော်မှု” ကိုလည်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း Abdul Malik Houthi က ထိုနေ့၌ အဆိုပါအဖွဲ့အစည်းထိန်းချုပ်ထားသည့် Al Masirah ရုပ်သံလွှင့်ဌာနမှတစ်ဆင့် ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အစ္စရေး၏ Nevatim လေတပ်အခြေစိုက်စခန်းအား တိုက်ခိုက်ရန် “ဟိုက်ပါဆိုးနစ် ပဲ့ထိန်းဒုံးကျည်” တစ်လုံး ပစ်လွှတ်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်က ထိုနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အစ္စရေးစစ်တပ်က ထိုနေ့ညပိုင်း၌ ယီမင်မှပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်တစ်လုံးအား အောင်မြင်စွာ တားဆီးနိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ် က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အမေရိကန် စစ်တပ်က မတ် ၁၈ ရက်တွင် ယီမင်နိုင်ငံမြောက်ပိုင်း Saada ပြည်နယ်၊ အနောက်မြောက်ပိုင်းရှိ Hajjah ပြည်နယ်၊ အနောက်ပိုင်းရှိ Al Hudaydah ပြည်နယ် စသည့်ဒေသများအား ထပ်မံလေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Al Masirah ရုပ်သံလွှင့်ဌာန သတင်းဖော်ပြချက်အရ သိရသည်။
အစ္စရေးစစ်တပ်သည် မတ် ၁၈ ရက်တွင် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အစ္စရေးစစ်တပ်၏ ထိုနေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားအား လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၄၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား လူ ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက် စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန၏ မတ် ၁၈ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ ကိုးကား-ဆင်ဟွာ