EU ထိပ်တန်းသံတမန် Kallas သည် စပိန်ဝန်ကြီးချုပ်၏ အကြံပြုချက်အပေါ် အမျက်ဒေါသဖြစ်ဟုဆို
အီးယူ၏ ထိပ်တန်းသံတမန် Kaja Kallas သည် ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးနိုင်ရေး အထူးကိုယ်စားလှယ် တစ်ဦးခန့်အပ်ရန် စပိန်၏အဆိုပြုချက်ကို အမျက်ဒေါသထွက်ကာ ပယ်ချလိုက်ကြောင်း အီးယူတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဌာနများစွာက ဖော်ပြခဲ့သည်။
မတ်လ ၂၀ ရက်နေ့က ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ထိပ်သီးအစည်းအဝေး တစ်ခုအတွင်း စပိန်ဝန်ကြီးချုပ် Pedro Sanchez က ယခင်က ဖင်လန် နှင့်ခရိုအေးရှားတို့က ထောက်ခံခဲ့သော ယူကရိန်းကိုယ်စားလှယ်တစ်ဦး ကို ခန့်အပ်ရန် အကြံပြုခဲ့သည်။
“အီးယူ၏ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးနိုင်ရန်အတွက် ကိုယ်စားလှယ်တစ်ဦးလိုအပ်သည်” ဟု Sanchez က သတင်းထောက်များအား ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်၏ မှတ်ချက်များက Kallas ကို အမျက်ဒေါသဖြစ်စေခဲ့ပြီး ရုရှား-ယူကရိန်း ပဋိပက္ခရပ်စဲရေးအတွက် အီးယူကိုယ်စား ဆွေးနွေးညှိနှိုင်းရန် သူမသည်သာ သင့်လျော်သောသူဖြစ်ပြီး ကိုယ်စားလှယ်တစ်ဦး ထပ်မံခန့်အပ်ရန် မလိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု Euractiv နှင့် Politico Europe သတင်းဌာနတို့က အီးယူတာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ဖော်ပြခဲ့ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှား-ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်များအတွက် ရုရှားနှင့်ယူကရိန်းတို့နှင့် တိုက်ရိုက် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နေခြင်းသည် အီးယူ၏အခန်းကဏ္ဍကို မှေးမှိန်စေသည်ဟု အီယူတာဝန်ရှိသူများက သုံးသပ်လျက်ရှိသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂