ငလျင်ကြောင့်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း တစ်ထောင်ကျော် သေဆုံးပြီး ပမာဏ ထပ်မံ မြင့်တက်ဖွယ်ရှိ
ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း တစ်ထောင်ကျော် သေဆုံးပြီး ပမာဏ ထပ်မံ မြင့်တက်ဖွယ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၇ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၈၉ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးဖြစ်ကာ အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ (မတ်လ ၂၉ ရက်) နံနက် အစောပိုင်းတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
Source: NP News