ခရီးသည်တင် လေယာဉ်ငယ်တစ်စီးကို ပြန်ပေးဆွဲသည့် အမေရိကန် နိုင်ငံသားကို ခရီးသည်တစ်ဦးက သေနတ်ဖြင့်ပစ်သတ်
ဘီလီဇ်တွင် ခရီးသည် ၁၃ ဦးပါဝင်သော လေယာဉ်ကို ဓားဖြင့် ထိန်းချုပ်၍ ပြန်ပေးဆွဲခဲ့သည့် အမေရိကန်နိုင်ငံသားတစ်ဦးကို ခရီးသည်တစ်ဦးမှသေနတ်ဖြင့်ပစ်သတ်လိုက်သည့်ဖြစ်စဥ်တစ်ခု ပြီးခဲ့သည့် ကြာသပတေးနေ့ (ဧပြီ ၁၇) က ဖြစ်ပွားခဲ့ကြောင်း Anadolu Agency သတင်းတွင် ဖော်ပြ ထားမှုအရ သိရသည်။
အဆိုပါ လေယာဉ်ငယ်ကို ပြန်ပေးဆွဲခဲ့သူမှာ အမေရိကန်နိုင်ငံသား အမ်ခရိုင်နီလာဆာဝါတိုင်လာ ဆိုသူဖြစ်သည်ဟု သိရပြီး ၎င်းသည် ကိုရိုဇယ် မှ ဆန်ပီဒရိုသို ပျံသန်းနေသည့် လေယာဥ်ငယ်ပေါ်တွင် လိုက်ပါလာစဉ် လေယာဉ်မှူးအပါအဝင် လူသုံးဦးတို့ကို ဓားဖြင့်ထိုးကာ ၎င်းအား တိုင်းပြည်မှ ထွက်ခွင့်ပေးရန်တောင်းဆို၍ လေယာဉ်ပျံကိုလည်း ဆီထည့် ပေးရန်နှင့် အနိမ့်မှ ပျံသန်းပေးရန်လည်း တောင်းဆိုခဲ့သည်။
ယင်းဖြစ်စဥ်ကြောင့် လေယာဉ်မှာ ပျံသန်းမှုမမှန်တော့ဘဲ ဘီလီဇ် မြောက်ပိုင်းနှင့် ဘီလီဇ်မြို့ကြားရှိ လေကြောင်းလိုင်းများကို အနှောင့် အယှက် ဖြစ်စေခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားပြီး ခရီးသည်တစ်ဦးမှ ပြန်ပေးဆွဲသူကို သေနတ်ထုတ်၍ ပစ်ခတ်ခဲ့ပြီးနောက် လေယာဉ်မှာ ဘီလီဇ်မြို့ ဆင်ခြေဖုံးတွင် အန္တရာယ်ကင်းစွာ ဆင်းသက် နိုင်ခဲ့သည်ဟုဆိုသည်။
ထို့နောက် သေနတ်ဒဏ်ရာရရှိခဲ့သည့် တိုင်လာနှင့်အတူ ၎င်း၏ လက်ချက်ဖြင့် ဓားဒဏ်ရာရရှိခဲ့သည့် ခရီးသည်များအားလုံးကို တာဝန်ရှိသူများက အနီးအနားရှိ ဆေးရုံသို့အလျင်အမြန် ပို့ဆောင်ခဲ့သော်လည်း တိုင်လာ သည် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား-MHT