ဗလာဒီမာပူတင်နှင့် ထရမ့်၏အထူးသံတမန် စတိဝှစ်ကော့တို့တွေ့ဆုံဆွေးနွေး
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဝှစ်ကော့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သမ္မတပူတင်နှင့် စတိဝှစ်ကော့တို့သည် မော်စကိုမြို့တော်၌ ဧပြီလ ၂၅ရက်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ဆွေးနွေးမှုသည် သုံးနာရီကြာမြင့်ခဲ့သည်။ ပူတင်နှင့် စတိဝှစ်ကော့တို့၏ ဆွေးနွေးပြောဆိုမှုသည် ချစ်ကြည်ရင်းနှီးမှုရှိပြီး ရုရှားနှင့် အမေရိကန်တို့အနေဖြင့် ယူကရိန်း အစိုးရပါဝင်ခြင်းမရှိဘဲ ယူကရိန်းပဋိပက္ခကို အပြီးသတ်ရပ်တန့်စေရန် လုပ်ဆောင်နိုင်ကြောင်းကိုလည်း ပြသနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါဆွေးနွေးမှုနှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို မသိရသေးသော်လည်း ပူတင်နှင့် စတိဝှစ်ကော့တို့၏ တွေ့ဆုံဆွေးနွေးမှုသည် အပြုသဘောဆောင်မှုရှိကြောင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် သမ္မတပူတင်၏ အကြံပေးတစ်ဦးဖြစ်သူ ယူရီ အူရှာနော့ဗ်က ပြောကြားထားသည်။
ထို့ပြင် ပူတင်နှင့် စတိဝှစ်ကော့တို့၏ တွေ့ဆုံဆွေးနွေးမှုသည် ရုရှားနှင့်အမေရိကန်နှစ်နိုင်ငံကြား ပိုမိုနီးစပ်စေခဲ့ပြီး ရုရှားနှင့်ယူကရိန်းတို့ကြား တိုက်ရိုက်ဆွေးနွေးပွဲများ ကျင်းပစေရန်အတွက်လည်းလမ်းခင်းပေးနိုင်ခဲ့သည်။
သမ္မတပူတင်နှင့် စတိဝှစ်ကော့တို့ကြား ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးမှုအပေါ်များစွာ ကျေနပ်မှုရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။
(Ref: RT)
Source: https://myawady.net.mm/