Victory Day အထိမ်းအမှတ် မေ ၈ ရက်မှ ၁၁ ရက်အထိ စစ်ပွဲ ယာယီရပ်နားမည်
ရုရှားသမ္မတဗလာဒီမာပူတင်၏ ဆုံးဖြတ်ချက်အရ ၂၀၂၅ ခုနှစ် မေလ ၈ ရက် ၊ နံနက် ၁၂ နာရီမှ မေလ ၁၁ ရက်၊ နံနက် ၁၂ နာရီအထိ လူသားချင်း စာနာထောက်ထားမှုအနေဖြင့် ရုရှားတပ်မတော်သည် စစ်ဆင်နွှဲမှုများ ရပ်နားထားမည်ဖြစ်ကြောင်း ကရင်မလင်က သတင်းထုတ်ပြန်ထား ပါသည်။
ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အပစ်အခတ် ရပ်စဲရေးအဖြစ် အဆိုပါသတ်မှတ်ချက်ကို ရုရှားတပ်များကိုသာမက ယူကရိန်းဘက်ကလည်း အလားတူ လိုက်နာရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
မော်စကိုက ယူကရိန်းနှင့် ကြိုတင်သတ်မှတ်ချက်မရှိဘဲ ငြိမ်းချမ်းရေး ဆွေးနွေးရန် အဆင်သင့်ရှိသော်လည်း ပဋိပက္ခ၏ အရင်းခံ အကြောင်းအရင်း များ ဖြေရှင်းရမည်ဟု ပြောကြားထားပါသည်။ အကယ်၍ ယူကရိန်းက အပစ်အခတ်ရပ်နားမှုကို ချိုးဖောက်ပါက ရုရှားဘက်က ထိရောက်သော တုံ့ပြန်မှုပြုလိမ့်မည် ဟု သတိပေးထားပါသည်။
မော်စကိုသည် ပြီးခဲ့သည့် အီစတာပွဲတော်ကာလက နာရီ ၃၀ ကြာ အပစ် အခတ်ရပ်စဲခဲ့ပါသည်။ သို့ရာတွင် ယင်းကာလအတွင်း ယူကရိန်းတပ် များသည် ပစ်ခတ်မှု ၄,၉၀၀ ကြိမ်ကျော်ပြုလုပ်ခဲ့ပြီး အထူးစစ်ဆင်ရေး ဇုံအပြင်ဘက် ၈ ကြိမ်အပါအဝင် ဒရုန်းဖြင့် တိုက်ခိုက်မှုအကြိမ် ၉၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါသည်။
ကိုးကား- ကရင်မလင်
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃