အလွန်အကျွံပြုပြင်ထားသည့် အစားအစာများကြောင့် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ မြင့်တက်နိုင်
ပေကျင်း မေ ၁၀
အလွန်အကျွံပြုပြင်စီရင်ထားသည့် အစားအစာများစားသုံးပါက ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ မြင့်မားလာနိုင်သည်ဟု တရုတ်သုတေသနပညာရှင်များက မေ ၉ ရက် သတင်းများတွင် ရေးသားထားကြောင်း သိရသည်။
တရုတ်နိုင်ငံ ဝူတန်းတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အလွန်အကျွံပြုပြင်စီရင်ထားသည့် အစားအစာများကို တစ်ရက်လျှင် ၁၁ ကြိမ်ခန့်ထိ စားသူများသည် အနည်းဆုံး စားသုံးသူများထက် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ ပုံမှန်ထက် နှစ်ဆခွဲမြင့်တက်နေတတ်ကြောင်း သိရသည်။
မိမိတို့၏ လေ့လာတွေ့ရှိချက်အရ အစားအစာ စားသောက်မှုပုံစံသည် ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေအပေါ် အကျိုးသက်ရောက်မှုရှိနေတတ်သည်ကို တွေ့ရကြောင်း တရုတ်သုတေသနပညာရှင်များက ပြောကြားသည်။
သို့ဖြစ်ရာ ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေ မြင့်တက်လာမှုကို တားဆီးရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ရွေးချယ်စားသုံးသင့်ကြောင်း တရုတ်သုတေသနပညာရှင်များက အကြံပြုထားသည်။
ပါကင်ဆန်ရောဂါသည် ဒိုပါမိုင်းခေါ် ဟော်မုန်းတစ်မျိုးကို ထုတ်ပေးသည့် ဦးနှောက်ဆဲလ်များ သေဆုံးချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ