ထရမ့်နှင့် ဆီးရီးယား ယာယီခေါင်းဆောင်တို့ နှစ်နိုင်ငံဆက်ဆံရေးနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး
နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေးဆွေးနွေးရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယား ယာယီခေါင်းဆောင် အာမက် အယ်လ်-ရှာရာနှင့် ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် မေ ၁၄ ရက်၌ တွေ့ဆုံခဲ့သလို အီရန်နှင့် သဘောတူညီချက်ရယူရန် ဆန္ဒရှိကြောင်းလည်း ထရမ့်က ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှု၌ ထရမ့်နှင့် ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ်ဖြစ်သူ မိုဟာမက် ဘင်ဆယ်မန် အယ်လ်ဆော့တို့နှင့်အတူ တူကီယဲ သမ္မတ ရီဆပ်တေယစ် အာဒိုဂန်ကလည်း အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ကြောင်း တူကီယဲနိုင်ငံပိုင် Anadolu Agency သတင်းဌာနက ဖော်ပြခဲ့သည်။
ဆယ်စုနှစ်များအတွင်း အမေရိကန် သမ္မတနှင့် ဆီးရီးယားခေါင်းဆောင်တစ်ဦး၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် ထရမ့်နှင့် အယ်လ်-ရှာရာတို့မှာ ထရမ့်နှင့် ပင်လယ်ကွေ့နိုင်ငံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ပြင်ပ၌ သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
မိမိနှင့် အယ်လ်-ရှာရာတို့၏ တွေ့ဆုံမှုနှင့်အတူ အမေရိကန်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံကြား ပုံမှန် ဆက်ဆံမှုများ ပြန်လည်စတင်ပြီဖြစ်ကြောင်း ယင်းထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် အတွင်း ထရမ့်က အလေးအနက်ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သမ္မတဟောင်း ဘာရှာ အယ်လ်-အာဆတ် ဖြုတ်ချခံရပြီးနောက် ဆီးရီးယားနိုင်ငံ၌ အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများ မကြာခဏ လုပ်ဆောင်ခဲ့သော်လည်း အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ရေးအတွက် အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် အေဘရာဟမ် သဘောတူညီချက်၌ ပါဝင်ရန်လည်း ၎င်းက ဆီးရီးယားအား တိုက်တွန်းခဲ့သည်။
မူဝါဒပိုင်း သိသိသာသာ ပြောင်းလဲမှုအဖြစ် ဆီးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်း ပေးမည်ဖြစ်ကြောင်း ဆော်ဒီနိုင်ငံတွင် မေ ၁၃ ရက်၌ ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တစ်ခု၌ ထရမ့်က ကြေညာခဲ့သည်။
“ဆီးရီးယားအတွက် ကြီးကြီးမားမား အခွင့်အရေးပေးသည့်အနေဖြင့် ၎င်းတို့အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကိုရပ်ဆိုင်းရန် မိမိ ညွှန်ကြားသွားမှာပါ” ဟု ထရမ့်က ပြောကြားခဲ့ပြီး အမေရိကန် အနေဖြင့် ဆီးရီးယား အစိုးရနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ရေးအတွက် ပထမဆုံးခြေလှမ်းများကို စတင် လိုက်ပြီဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
ပင်လယ်ကွေ့နိုင်ငံ ခေါင်းဆောင်များနှင့် ထိပ်သီးအစည်းအဝေးအတွင်း ထရမ့်က အီရန်၏ နျူကလီးယား အစီအစဉ်၊ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားရေးတို့နှင့်စပ်လျဉ်း၍ လုပ်ဆောင်ဆဲဖြစ်သော သွယ်ဝိုက်ဆွေးနွေးမှုများနှင့် ပတ်သက်၍လည်း ထည့်သွင်းပြောဆိုခဲ့သည်။
ထရမ့်အနေဖြင့် သမ္မတဖြစ်လာပြီးနောက် ပထမဆုံး သွားရောက်သည့် အထင်ကရ ပြည်ပခရီးစဉ် ဒုတိယနေ့သို့ ရောက်ရှိလာပြီဖြစ်ကာ ထိုခရီးစဉ်အတွင်း ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီး နိုင်ငံခရီးစဉ်များ ပါဝင်ကြောင်း သိရသည်။
မေ ၁၃ ရက်၌ စတင်ခဲ့သည့် ဆော်ဒီနိုင်ငံခရီးစဉ်အတွင်း ထရမ့်အနေဖြင့် အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်များကို ဆော်ဒီထံမှရရှိခဲ့ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ