ရုရှားနှင့် အကျဉ်းသားအပြန်အလှန် လဲလှယ်ရန် ယူကရိန်း စာရင်းစတင် ပြုစု

News Image

  • ရုရှားနှင့် အကျဉ်းသားအပြန်အလှန် လဲလှယ်ရန် ယူကရိန်း စာရင်းစတင် ပြုစု

ရုရှား-ယူကရိန်း လတ်တလော အစ္စတန်ဘူလ် ဆွေးနွေးပွဲ သဘောတူညီထားချက်အရ နှစ်နိုင်ငံ နိုင်ငံသားများလဲလှယ်ရန် စာရင်းပြုစုရန် စတင်မည်ဟု ယူကရိန်းနိုင်ငံ၏ ပင်မထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံး၏ ဒုတိယအကြီးအကဲ Vadim Skibitsky က ပြောကြားခဲ့ပါသည်။ 

“ယနေ့ကစပြီး မကြာမီကာလအတွင်း မိမိနိုင်ငံသို့ပြန်လာမည့်သူများ၏ စာရင်းကို ပြုစုနေပါသည်။ ရုရှားဘက်နှင့် အလုပ်လုပ်ရတာ ပုံမှန် အတွေ့အကြုံရှိပါသည်” ဟု ၎င်းက ယူကရိန်းရုပ်သံလိုင်း Rada တွင် ပြောကြားခဲ့သည်။ 

မော်စကိုနှင့် ကိယက်ဗ်တို့သည် လူ ၁၀၀၀ = ၁၀၀၀ ပုံစံဖြင့် အကျဉ်းသား များလဲလှယ်ရန်၊ အနာဂတ်တွင် စစ်ပြေငြိမ်းရေးအတွက် အသေးစိတ် အမြင်များကို တင်ပြရန်နှင့် ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြပါသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် ၊ သမ္မတ၏ အကြံပေးပုဂ္ဂိုလ် Vladimir Medinsky က ရုရှားဘက်မှ အဆိုပါ အစည်းအဝေးကို ကျေနပ်ကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့အပြင် ယူကရိန်းဘက်မှ နှစ်နိုင်ငံခေါင်းဆောင်များအကြား တိုက်ရိုက် ဆွေးနွေးပွဲပြုလုပ်ရန် တောင်းဆိုခဲ့ပြီး ရုရှားဘက်မှ ထိုတောင်းဆိုချက်ကို ထည့်သွင်းစဉ်းစားထားကြောင်း Medinsky က ဖြည့်စွက်ပြောကြား ခဲ့ပါသည်။

ရုရှားနှင့် ယူကရိန်းတို့သည် အကျဉ်းသား ၁၀၀၀ စီ လဲလှယ်ရန် သဘောတူညီခဲ့ကြောင်း ဆွေးနွေးပွဲအတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်ယူကရိန်း ကာကွယ်ရေးဝန်ကြီး Rustem Umerov က အတည်ပြု ပြောကြားခဲ့ပါသည်။ 

ကိုးကား- TASS

Photo: RBC-Ukraine

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃