အိန္ဒိယနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပြော

News Image

  • အိန္ဒိယနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပြော

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ်က ငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း အဆိုပြုကမ်းလှမ်းလိုက်သည်။ အိန္ဒိယ နှင့် ပါကစ္စတန်တို့သည် ပြီးခဲ့သော ဧပြီ (၂၂) ရက်က ကက်ရှ်မီးယား ပြည်နယ်တွင် လူပေါင်း (၂၆) ဦး သေဆုံးစေခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားခဲ့ကာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အိန္ဒိယစစ်တပ်သည် ကက်ရှ်မီးယားပြည်နယ်တွင် လူပေါင်း (၂၆) ဦး သေဆုံးစေခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မေလ (၇) ရက်တွင် ဆင်ဒူး စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံအခြေစိုက် အကြမ်းဖက်သမားများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန်စစ်တပ်ကလည်း အိန္ဒိယကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အိန္ဒိယစစ်အခြေစိုက်စခန်းများကို မေလ (၁၁) ရက်တွင် စစ်ဆင်ရေး တစ်ရပ် ဆင်နွှဲကာ တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံကြား အပြန်အလှန်တိုက်ခိုက်နေချိန်အတွင်း အမေရိကန် နိုင်ငံက အပစ်အခတ်ရပ်စဲရေးရယူနိုင်ရန် ကြားဝင် စေ့စပ်ဆွေးနွေးခဲ့ရာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ကြောင်း သိရသည်။ 

ပါကစ္စတန်ဝန်ကြီးချုပ်သည် မေလ (၁၆) ရက်တွင် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ လေတပ်အခြေစိုက်စခန်းကို သွားရောက်ချိန်အတွင်း အိန္ဒိယနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ ပါကစ္စတန်ဝန်ကြီးချုပ်က “ငြိမ်းချမ်းရေးအတွက် အိန္ဒိယနှင့်ဆွေးနွေးရန် အဆင်သင့်ရှိနေပါသည်။ ကက်ရှ်မီးယားပြည်နယ် အရေးကိစ္စ အပါအဝင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလိုပါသည်” ဟု ပြောသည်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးကလည်း နှစ်ဖက်အကြား အငြင်းပွားဖွယ် ရာပြဿနာများကို ဖြေရှင်းရန်အတွက် အိန္ဒိယနှင့် ပေါင်းစပ်ညှိနှိုင်းမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယ သည် အပစ်အခတ်ရပ်စဲရေးကိုမေလ (၁၈) ရက်အထိ သက်တမ်းတိုး ခဲ့သော်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှသာ နှစ်နိုင်ငံကြား အခက် အခဲပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ပြောသည်။

ပါကစ္စတန်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ပြောဆို ထားသော်လည်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက ပါကစ္စတန်နိုင်ငံအပေါ် ပြုလုပ်ခဲ့သောဆင်ဒူးစစ်ဆင်ရေးက မပြီးဆုံးသေးကြောင်းပြောသည်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးက “နှစ်နိုင်ငံအကြား လက်ရှိ အပစ်အခတ် ရပ်စဲရေးသည် ပါကစ္စတန်အတွက် အစမ်းသပ်ခံကာလတစ်ခုကဲ့သို့သာ ဖြစ်ပါသည်။ ပါကစ္စတန်သည် မကောင်းသောအပြုအမူကို ပြန်ပြောင်းရွေးချယ်ပါက အိန္ဒိယနိုင်ငံကလည်း သင့်တော်သည့် နည်းလမ်းဖြင့် တုံ့ပြန်မည်”ဟု ပြောခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား- NP News