ကရင်မလင်က ရိုမေးနီးယား သမ္မတရွေးကောက်ပွဲကို “ပုံမှန်မဟုတ်” ဟု ဝေဖန်
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ရိုမေးနီးယား ၏ မကြာသေးမီက သမ္မတရွေးကောက်ပွဲကို “ပုံမှန်မဟုတ်” ဟု သုံးသပ် ခဲ့ပြီး အနိုင်ရသူသည် အဓိကပြိုင်ဘက်မရှိဘဲ အနိုင်ရရှိခဲ့ကြောင်း ဖော်ပြ ခဲ့သည်။
တနင်္ဂနွေနေ့ (မေ ၁၈) တွင် ဥရောပသမဂ္ဂထောက်ခံသူ Nicusor Dan က ဥရောပသမဂ္ဂဆန့်ကျင်ရေး George Simion အား ရာခိုင်နှုန်းအနည်းငယ်ဖြင့် အနိုင်ရကာ ရိုမေးနီးယား သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။
အဆိုပါ ရွေးကောက်ပွဲပြန်လည်ကျင်းပခြင်းမှာ ရိုမေးနီးယား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက နိုဝင်ဘာလကကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် ဥရောပသမဂ္ဂနှင့် နေတိုးကို ဝေဖန်သူ လွတ်လပ်သည့်အမတ်လောင်း Calin Georgescu က ၂၃% ဖြင့် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည်။ အစိုးရက ၎င်း၏ရွေးကောက်ပွဲ ကမ်ပိန်း တွင် “မမှန်ကန်သောလုပ်ရပ်များ” ပါဝင်သည်ဟုဆိုကာ ရုရှား၏ ဝင်ရောက် စွက်ဖက်မှုဆိုင်ရာ ထောက်လှမ်းရေးအစီရင်ခံစာများကို ကိုးကားခဲ့သည်။ သို့သော် မော်စကိုက အဆိုပါအချက်ကို ငြင်းဆိုခဲ့သည်။
တနင်္လာနေ့ (မေ ၁၉) တွင် သတင်းထောက်များအား ပြောကြားရာတွင် ပက်စ်ကော့ဗ်က ထိုရွေးကောက်ပွဲကို “ပုံမှန်မဟုတ်သော ရွေးကောက်ပွဲ” ဟု ခေါ်ဆိုခဲ့ပြီး အနိုင်ရရှိရန် အခွင့်အလမ်းအများဆုံး အမတ်လောင်းကို အကြောင်းပြချက်များ မပြည့်စုံစွာဖြင့် အတင်းအဓမ္မ ဖယ်ရှားခံခဲ့ ရကြောင်း ထောက်ပြခဲ့သည်။
“သို့သော် ထိုကဲ့သို့သော အဓိကပြိုင်ဘက်မရှိဘဲ အနိုင်ရသူက အနိုင်ရသူပါပဲ။ ဤသည်မှာ မိမိတို့ ရင်ဆိုင်နေရသော အမှန်တရားဖြစ်သည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Telegram ပလက်ဖောင်း တည်ထောင်သူ Pavel Durov ၏ ရွေးကောက်ပွဲမတိုင်မီ “ရိုမေးနီးယားရှိ ရှေးရိုးစွဲသမားများ၏ ထုတ်လွှင့်ရေးသားမှုများကိုပိတ်ရန်” ဥရောပသမဂ္ဂနိုင်ငံတစ်ခုမှ အစိုးရက ၎င်းအား တောင်းဆိုခဲ့သည်ဟူသော အချက်နှင့်ပတ်သက်၍ မေးမြန်းခံရသည့်အခါ ပက်စ်ကော့ဗ်က ဥရောပသမဂ္ဂတွင် အခြားနိုင်ငံများ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း၏ ရှည်လျားသော သမိုင်းကြောင်းရှိကြောင်း ပြောကြားခဲ့ပြီး “ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီကဲ့သို့သော ဥရောပ နိုင်ငံများ ၏ အခြားနိုင်ငံများ၏ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုမှာ အထူး အဆန်းမဟုတ်” ဟု ပြောကြားခဲ့သည်။
Telegram ပလက်ဖောင်းတည်ထောင်သူ ရုရှားနွယ်ဖွား ပါဗယ် ဒူရိုဗ်က တနင်္ဂနွေနေ့ (မေ ၁၈) တွင် အနောက်ဥရောပ အစိုးရတစ်ရပ်ထံမှ ရိုမေးနီးယား သမ္မတရွေးကောက်ပွဲမတိုင်မီ ရိုမေးနီးယား Telegram ချန်နယ်များကို ဖယ်ရှားရန် တောင်းဆိုမှုကို ငြင်းဆိုခဲ့ကြောင်း ပြောကြား ခဲ့ပြီး ပြင်သစ်၏ ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ (DGSI) ၏ ခေါင်းဆောင် နီကိုလပ်စ် လာနာက ၎င်းထံချဉ်းကပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂