ဂရင်းလန်းနှင့်ပတ်သက်၍ ဒိန်းမတ်၏ အချုပ်အခြာအာဏာကို လေးစားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဂရင်းလန်းကျွန်းနှင့်ပတ်သက်၍ ဒိန်းမတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝလေးစားကြောင်း မေလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လာရ်စ် လုခ် ရက်စ်မူဆန်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့်ကိစ္စရပ်များတွင်လည်း တရုတ်နိုင်ငံဘက်မှ ရပ်တည်သွားရန်လည်း ဒိန်းမတ်အား တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မကြာသေးမီလများအတွင်း ဒိန်းမတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး မဟာဗျူဟာအရ အရေးပါသော ဂရင်းလန်းကျွန်းကို အမေရိကန်က ဝယ်ယူသင့်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ဒိန်းမတ်နိုင်ငံသို့ ထိုင်ဝမ်အကြီးအကဲဟောင်း ချိုင်းအင့်ဝမ် (Tsai Ing-wen) လာရောက်ခဲ့ခြင်းအပေါ် တရုတ်နိုင်ငံက ဝေဖန်ပြောဆိုခဲ့ပြီးနောက် ယခုလို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ဒိန်းမတ်-ထိုင်ဝမ်နှစ်နိုင်ငံအကြား ရင်းနှီးသော ဆက်ဆံရေးရှိခြင်းကိုလည်း တရုတ်နိုင်ငံက ကန့်ကွက်လျက်ရှိသည်။
၂၀၀၉ ခုနှစ်တွင် ဒိန်းမတ်သို့ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်း လားမား လာရောက်ခဲ့သည့်ခရီးစဉ်ကြောင့် တရုတ်-ဒိန်းမတ်နှစ်နိုင်ငံ ဆက်ဆံရေး အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ဖူးသည်။ သို့သော် တရုတ်နိုင်ငံ၏ ပန်ဒါသံတမန်ရေး (Panda Diplomacy) အရ တရုတ်က ဒိန်းမတ်သို့ ပန်ဒါဝက်ဝံများ လက်ဆောင်ပေးခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် တိုးတက်ကောင်းမွန်လာခဲ့သည်။
တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှုနယ်ပယ်နှင့် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု) ပူးပေါင်းဆောင်ရွက်မှုများအပြင် ဒိန်းမတ်နိုင်ငံနှင့် အခြားစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်လိုကြောင်း ဝမ်ယိ က ပြောကြားခဲ့သည်။
ထို့ပြင် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ်သောကုန်သွယ်ရေးကို ထိန်းသိမ်းကာကွယ်ရန် နှစ်နိုင်ငံသဘောတူညီခဲ့ကြပြီး EU နှင့်လည်း ဆွေးနွေးမှုခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆန္ဒရှိကြောင်း ဝမ်ယိက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား - MSN
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃