ရုရှားလက်နက်ကုမ္ပဏီကြီးက EU ၏ ပိတ်ဆို့မှုအသစ်များကို လှောင်ပြောင်
ရုရှားအစိုးရပိုင် ကာကွယ်ရေးလုပ်ငန်းစု Rostec က ဥရောပသမဂ္ဂ (EU) ၏ ၁၇ ကြိမ်မြောက် ပိတ်ဆို့မှုအသစ်များကို “ထိရောက်မှုမရှိ” ဟု တုန့်ပြန်လိုက်ပြီး EU အား “အဓိပ္ပာယ်မရှိသော အစီအမံများ၏ ချန်ပီယံ” ဟု လှောင်ပြောင်ခဲ့သည်။
အင်္ဂါနေ့ (မေ ၂၀) က EU က ရုရှားနိုင်ငံသားများနှင့် ကုမ္ပဏီများကို ပစ်မှတ်ထားသည့် ပိတ်ဆို့မှုအသစ်များကို အတည်ပြုခဲ့သည်။ ၎င်းတွင် Rostec ၏ လက်အောက်ခံ စက်ကိရိယာထုတ်လုပ်ရေးကုမ္ပဏီ Stan လည်း ပါဝင်နေသည်။
RIA Novosti သတင်းဌာနသို့ ပြောကြားရာတွင် Rostec က အနောက် နိုင်ငံများသည် “ရုရှား စက်မှုလုပ်ငန်းကို ဖြိုချရန် ကြိုးစားမှုများကို မရပ်တန့်နိုင်” ဟု ဆိုသည်။
“ရုရှားသည် ပိတ်ဆို့ခံရမှု အရေအတွက်အရ ချန်ပီယံဖြစ်ပါက၊ EU မှာ အဓိပ္ပာယ်မရှိသော အစီအမံများ၏ ချန်ပီယံဖြစ်သည်" ဟု ကုမ္ပဏီက ပြောကြားခဲ့ပြီး ၎င်းတို့၏ ကြိုးပမ်းမှုများသည် “မည်သည့် အောင်မြင်မှုမျှရမည်မဟုတ်” ဟု ဖြည့်စွက်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်း ပဋိပက္ခ စတင်ကတည်းက အနောက်နိုင်ငံ များသည် ရုရှားအပေါ် ကျယ်ပြန့်သော ပိတ်ဆို့မှုများချမှတ်ခဲ့သည်။ ၎င်းတို့တွင် ရုရှားရေနံတင်သင်္ဘောများဖြင့် ရေနံပို့ဆောင်မှုများကို တားမြစ်ခြင်း၊ ငွေကြေးလွှဲပြောင်းမှုများကို ကန့်သတ်ခြင်းနှင့် နိုင်ငံခြား ငွေကြေးအရန်ငွေ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံခန့်ကို သိမ်းဆည်း ခဲ့ခြင်းတို့ ပါဝင်သည်။
မော်စကိုမှ အဆိုပါ ပိတ်ဆို့မှုများကို တရားဝင်မှုမရှိပြီး ထိရောက်မှုမရှိဟု အကြိမ်ကြိမ် ရှုတ်ချခဲ့သည်။ သမ္မတ ဗလာဒီမာ ပူတင်က မတ်လ၌ ပြောကြားခဲ့ရာတွင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရုရှားအပေါ် ပိတ်ဆို့မှု ၂၈,၀၀၀ ကျော် ချမှတ်ခဲ့ပြီး ၎င်းမှာ အခြားနိုင်ငံအားလုံးပေါင်း ချမှတ်ခံရသည့် ပိတ်ဆို့မှုများထက် ပိုမိုများပြားကြောင်း ဖော်ပြခဲ့သည်။ ရုရှားခေါင်းဆောင်၏ အဆိုအရ အနောက်နိုင်ငံများသည် ရုရှားအား ပြိုင်ဘက်တစ်ဦးအဖြစ်မှ ဖယ်ရှားရန် ရည်ရွယ်ခဲ့သော်လည်း ရလဒ် အနေဖြင့် ရုရှား၏ စီးပွားရေးကို ပိုမိုခံနိုင်ရည်ရှိစေခဲ့သည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂