တူရကီအာဏာပိုင်များက အတိုက်အခံများဦးဆောင်သော အစ္စတန်ဘူလ် မြူနီစီပယ်အား ပိုမိုတင်းကျပ်စွာ ဖိနှိပ်မှုများ ဆောင်ရွက်လျက်ရှိ
တူရကီအာဏာပိုင်များသည် စနေနေ့ (မေ ၃၁) တွင် အတိုက်အခံ ခေါင်းဆောင် မြို့တော်ဝန် Ekrem Imamoglu ဦးဆောင်သော အစ္စတန်ဘူလ် မြို့တော်ဝန်ရုံးအပေါ် အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် ဖိနှိပ်မှုကို အရှိန်မြှင့်လိုက်ပြီး လူ ၃၀ ခန့်ကို ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများတွင် အဓိကအတိုက်အခံပါတီဖြစ်သော CHP ၏ လွှတ်တော် အမတ်ဟောင်းတစ်ဦးနှင့် CHP အုပ်ချုပ်သော အစ္စတန်ဘူလ်ရှိ ခရိုင် ၃ ခု ၏ မြို့တော်ဝန်များ ပါဝင်သည်။
အစိုးရပိုင် Anadolu သတင်းဌာနက အဆိုပါဖမ်းဆီးမှုများသည် အစ္စတန်ဘူလ်မက်ထရိုပိုလီတန်မြူနီစီပယ်နှင့်သက်ဆိုင်သည့် အဂတိ လိုက်စားမှုစုံစမ်းစစ်ဆေးရေး ၄ ခုနှင့်ဆက်စပ်နေကြောင်း ဖော်ပြ ခဲ့သည်။
မတ်လ ၁၉ ရက်တွင် အဂတိလိုက်စားမှုစွပ်စွဲချက်ဖြင့် မြို့တော်ဝန် Ekrem Imamoglu ဖမ်းဆီးခံရပြီးနောက် ယခုဖမ်းဆီးမှုများသည်အစ္စတန်ဘူလ်အုပ်ချုပ်ရေးအပေါ် တရားဝင်ဖိနှိပ်မှု၏ ပဉ္စမအကြိမ်မြောက် ဖြစ်သည်။
သမ္မတ Recep Tayyip Erdogan ၏ ၂၂ နှစ်ကြာ အုပ်ချုပ်မှုကို အပြင်းထန်ဆုံးစိန်ခေါ်နိုင်သူအဖြစ် ရှုမြင်ထားသော Imamoglu ဖမ်းဆီး ခံရမှုသည် ၎င်းအားပြန်လည်လွှတ်ပေးရန်နှင့် Erdogan လက်အောက်ရှိ တူရကီ၏ ဒီမိုကရေစီနိမ့်ကျမှုကို ရပ်တန့်ရန် တောင်းဆိုသည့် ကြီးမား ကျယ်ပြန့်သော ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂