Biden မိသားစုဝင်များ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် အမေရိကန်က စုံစမ်းစစ်ဆေး

News Image

  • Biden မိသားစုဝင်များ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် အမေရိကန်က စုံစမ်းစစ်ဆေး

အမေရိကန်တရားရေးဌာနက Biden ၏ မိသားစုဝင်များနှင့် သေဒဏ် ကျခံရသူများအား သမ္မတသက်တမ်းကုန်ဆုံးခါနီးက ချမှတ်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်များကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ကြောင်း သိရှိရသည်။

ဗြိတိန်သတင်းဌာန Reuters ၏ ဇွန် ၃ သတင်းတွင် အမေရိကန် တရားရေးဌာနလက်အောက်ရှိ လွတ်ငြိမ်းချမ်းသာခွင့်ရုံး၏ ညွှန်ကြားရေးမှူး Ed Martin က ၎င်း၏ လက်အောက်ဝန်ထမ်းများထံပေးပို့ခဲ့သည့် အီးမေးလ် တစ်စောင်ကို ကိုးကားဖော်ပြထားသည်။ အဆိုပါအီးမေးလ်တွင် ဂျိုးဘိုင်ဒင်က သမ္မတသက်တမ်းကုန်ဆုံးခါနီးကာလ၌ မိသားစုဝင်များ နှင့် သေဒဏ်ကျခံရသူ ၃၇ ဦးအား ချမှတ်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် များကို စုံစမ်းစစ်ဆေးရန် ၎င်းအား တာဝန်ပေးအပ်ခဲ့ကြောင်း ဖော်ပြ ထားသည်။

အီးမေးလ်တွင် Mr. Martin က အဆိုပါစုံစမ်းစစ်ဆေးမှုသည် ဘိုင်ဒင် သည် လွတ်ငြိမ်းချမ်းသာခွင့်ချမှတ်ရန် ဉာဏ်ရည် ဉာဏ်သွေး ပြည့်ဝခြင်းရှိ / မရှိနှင့် အခြားသူများက AutoPen (သို့) အခြားနည်းလမ်းများဖြင့် ၎င်း၏ဩဇာကို အလွဲသုံးစားလုပ်ခြင်းရှိ/မရှိ ရှင်းလင်းစေရန် ရည်ရွယ်ကြောင်း ဖော်ပြခဲ့သည်။

AutoPen ဆိုသည်မှာ စာရွက်စာတမ်းများကို အလိုအလျောက် လက်မှတ် ရေးထိုးနိုင်သော ကိရိယာတစ်မျိုးဖြစ်ပြီး ၂၀၀၅ ခုနှစ်က တရားရေးဌာနမှ ထုတ်ပြန်ခဲ့သည့် စာရွက်စာတမ်းတစ်ခုအရ သမ္မတ၏လက်မှတ်အစား လက်အောက်ဝန်ထမ်းများက အသုံးပြုနိုင်သည့် နည်းလမ်းဖြစ်သည်။ သမ္မတ Trump နှင့် ၎င်း၏ထောက်ခံသူများက Biden သည် သက်တမ်း ကာလအတွင်း AutoPen ကို အသုံးပြုခဲ့ခြင်းကြောင့် ၎င်း၏ဆုံးဖြတ်ချက် များသည် “ယုံကြည်စိတ်ချရမှုမရှိ” ဟု ထပ်ခါတလဲလဲ အချေအတင် ပြောဆိုခဲ့ကြသည်။

ထို့အပြင် ၎င်းတို့က ဘိုင်ဒင် သည် ထိုသို့သောလုပ်ဆောင်ချက်များကို “တကယ်တော့ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ဟု” အဆိုပြုထားကြသည်။ ဘိုင်ဒင်၏ အနီးကပ်အကြံပေးများက အဆိုပါပြစ်တင် စွပ်စွဲချက် များကို ပယ်ချခဲ့ပြီး သမ္မတဟောင်းသည် အရေးကြီးသော ဆုံးဖြတ်ချက် များကို ချမှတ်နိုင်စွမ်း အပြည့်အဝရှိကြောင်း ခိုင်ခိုင်မာမာ ပြောဆိုခဲ့ သည်။

အိမ်ဖြူတော်မှ ထွက်ခွာခါနီးအချိန်တွင် ဘိုင်ဒင် က မိသားစုဝင် ၅ ဦးအား အနာဂတ် “နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိသော” စုံစမ်းစစ်ဆေးမှုများမှ ကာကွယ်ရန် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ထိုသူများတွင် ၎င်း၏ညီ James Biden နှင့် ဇနီး Sara Jones Biden၊ အစ်မ Valerie Biden Owens နှင့် ခင်ပွန်း John T. Owens၊ ညီငယ် Francis W. Biden တို့ ပါဝင်သည်။

၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အခွန်တိမ်းရှောင်ခြင်းနှင့် လက်နက် ဥပဒေ ချိုးဖောက်မှုများဖြင့် အပြစ်ရှိကြောင်းဝန်ခံခဲ့သော ၎င်း၏သား Hunter Biden ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ထရမ့်က သမ္မတ ဖြစ်လာပြီးနောက် ယခင်သမ္မတသည် မိမိကိုယ်ကို လွတ်ငြိမ်းချမ်းသာခွင့် မပေးခြင်းမှာ မှားယွင်းကြောင်း ပြောဆိုခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်သည် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတ၏ အထူးလုပ်ပိုင်ခွင့်ဖြစ်ပြီး ထုတ်ပယ်ခံရမှုမှအပ အမေရိကန် နိုင်ငံဆိုင်ရာပြစ်မှုများအတွက် အပြစ်ဒဏ်လျှော့ပေးခြင်း သို့မဟုတ် ရပ်စဲ ပေးခြင်းပြုနိုင်သည်။ သမ္မတများသည် သက်တမ်းကုန်ဆုံးခါနီးတွင် လွတ်ငြိမ်းချမ်းသာခွင့်များ အစုလိုက်ချမှတ်လေ့ရှိသည်။

ဘိုင်ဒင်က မိသားစုဝင်များအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် ၎င်းတို့ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခြင်းမဟုတ်ဟု အခိုင်အမာ ပြောဆို ခဲ့သည်။ ထရမ့် သည်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ တွင် “2021 Capitol Hill” အဓိကရုဏ်းတွင် ပါဝင်ခဲ့သည်ဟုစွပ်စွဲခံရသော ထောက်ခံသူ ၁,၆၀၀ နီးပါးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ အဆိုပါအခွင့်အာဏာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချခဲ့ဖူးသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂