မြောက်ကိုရီးယားမှ ရုရှားသို့ ဒုံးလက်နက်အစင်းရေ ၁၀၀ လွှဲပြောင်းပေးခဲ့သည်ဟု ဒဏ်ခတ်ပိတ်ဆို့မှုစောင့်ကြည့်လေ့လာရေးအဖွဲ့ ထုတ်ပြန်
မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများအား စောင့်ကြည့်လေ့လာရေးအဖွဲ့ (Multilateral Sanctions Monitoring Team) က မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်တွင် ရုရှားသို့ အနည်းဆုံး ဒုံးလက်နက် အစင်းရေ ၁၀၀ ကို တရားမဝင် လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။
ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက အဆိုပါအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား အပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများအား စောင့်ကြည့်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကျွမ်းကျင်ပညာရှင်များအဖွဲ့ (UN Security Council panel of experts) ၏ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီးနောက် အဆိုပါ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ရုရှားက ဗီတို အာဏာသုံး၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီကျွမ်းကျင် ပညာရှင်များ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များအား ဟန့်တားခဲ့ခြင်းဖြစ်သည်။
အဆိုပါစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ပထမဆုံးအစီရင်ခံစာကို မေ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ကာ ပြီးခဲ့သည့်နှစ်တွင် ရုရှား သို့ တင့်ကားဖျက်ဒုံးလက်နက်များနှင့် အခြားလက်နက်များကိုလည်း ထောက်ပံ့ပေးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် မြောက်ကိုရီးယားသည် ရုရှားသို့ စစ်သည် ၁၁,၀၀၀ ကျော် နှင့် ယခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း စစ်သည် ၃,၀၀၀ ထပ်မံစေလွှတ်ထားသည်ဟု ဆိုသည်။
ရုရှားသည် မြောက်ကိုရီးယားအား လေကြောင်းကာကွယ်ရေးစနစ်များနှင့် jamming ကိရိယာပစ္စည်းများအပါအဝင် အဆင့်မြင့် အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များကို ထောက်ပံ့ပေးခဲ့ပြီး မြောက်ကိုရီးယားသို့ ရေနံ ထောက်ပံ့မှုနှင့်ပတ်သက်၍လည်း ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှု ကော်မတီသို့ အကြောင်းကြားခြင်းမရှိခဲ့ဟု အစီရင်ခံစာတွင် ဖော်ပြထား သည်။
အဆိုပါဒဏ်ခတ်ပိတ်ဆို့မှု စောင့်ကြည့်လေ့လာရေးအဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံအား ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်များမှ ရှောင်ရှားနိုင်ရန် အကူအညီပေးနေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များနှင့် သင်္ဘောများကို ဖော်ထုတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးလက်နက်အစီအစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေနိုင်သည့် ပစ္စည်းများလွှဲပြောင်း ပေးအပ်ခြင်း အပေါ်စောင့်ကြည့်လေ့လာရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည် ဟုလည်း ဆိုသည်။
ကိုးကား -NHK
ဘာသာပြန်ဆိုသူ -ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃