တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၂၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၉ ရက်တွင် ပဲခူးတိုင်း ဘုရားကြီးမြို့ ဘုရားလေးကျေးရွာ ZTH ဆီဆိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၄၈၇၂၈၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Toe 12 Wheels Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ဇူလိုင် ၂၁ ရက်တွင် မြန်မာ့ စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ၂၁ လုံးအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်တန်ဖိုးငွေကျပ် ၇၅၁၀၉၃၅၆၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ ၁၈ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၆၃၈၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၈၉၆၀၈၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဇူလိုင် ၂၁ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ နိုင်းစတားစက်သုံးဆီဆိုင်အနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ် ရွှေကြက်ယက်ဆိပ်ကမ်းအနီး၌ မန္တလေးမြို့မှ မိုးညှင်းမြို့သို့သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၃၁ မျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၂၂၉၂၄၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၂၂၉၂၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ် တာချီလိတ်-ဝမ်ပုံ ကားလမ်းမဘေး စွတ်ဆိုင်ကျေးရွာရှိ ခြံဝင်းတစ်ခုအတွင်း၌ စုပုံထားသော အကောက်ခွန်မဲ့စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၆၈၀၀၀၀) ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ် တာချီလိတ်-ဝမ်ပုံ ကားလမ်းမဘေး ပါခါကျေးရွာရှိ ခြံဝင်းတစ်ခုအတွင်း၌ စုပုံထားသော အကောက်ခွန်မဲ့စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၂၅၀၀၀၀)ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ် တာချီလိတ်-ဝမ်ပုံကားလမ်းမဘေး ပါခုတ်နိုကျေးရွာရှိ ခြံဝင်းတစ်ခုအတွင်း၌ စုပုံထားသော အကောက်ခွန်မဲ့စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၀၇၀၀၀၀)ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဇူလိုင် ၂၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် ၁၄ စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၁၇ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇူလိုင် ၁၉ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာအမှုတွဲ ၁၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၄၆၂၃၀၀၈၀)ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။
MOI