လိုအပ်ပါက အီရန်နျူကလီးယားစက်ရုံများကို ထပ်မံတိုက်ခိုက်မည်ဟု ထရမ့်ပြော
လိုအပ်ပါက အီရန်နျူကလီးယားစက်ရုံများကို ထပ်မံတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြား လိုက်ပါသည်။ အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယား နေရာများ ဆိုးရွားစွာ ပျက်စီးသွားခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ပြောကြားလိုက်ပြီးနောက်တွင် ဒေါ်နယ်ထရမ့်က ထိုသို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။
"အီရန်နျူကလီးယားနေရာတွေ အပြင်းအထန် ဖျက်ဆီးခံလိုက်ရတာ အမှန်ပါပဲ၊ အရင်က ကျွန်တော်ပြောသလိုပါပဲ၊ လိုအပ်ရင် ထပ်လုပ်မှာပါ" ဟု ဒေါ်နယ်ထရမ့်က ၎င်း၏ Truth လူမှုစာမျက်နှာမှာ ရေးသား ဖော်ပြထားပါသည်။
အီရန်နျူကလီးယား စက်ရုံများသည် ပြင်းထန်စွာ ပျက်စီးသွားကြောင်း Fox News နှင့် အင်တာဗျူးတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီက အစောပိုင်းတွင် ပြောကြားရာတွင် တီဟီရန်သည် မိမိတို့၏ကြွယ်ဝ ချမ်းသာမှုကို စွန့်လွှတ်ရန် အစီအစဉ်မရှိကြောင်း ထည့်သွင်း ပြောကြား ထားပါသည်။
ဇွန်လ ၂၁-၂၂ ရက်တို့တွင် အီရန်၏နျူကလီးယားစက်ရုံများ Fordow, Natanz နှင့် Isfahan တို့ကိုဖျက်ဆီးခဲ့သည်ဟုဆိုသော ထောက်လှမ်းရေး အချက် အလက်သစ်များကို ကိုးကား၍ ဇွန်လ ၂၅ ရက်က ထရမ့်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth တို့က ပြောကြားခဲ့ကြပါသည်။
ဝါရှင်တန်၏ သတင်းအချက်အလက်များအရ အီရန်သည် တိုက်ခိုက်မှု မပြုလုပ်မီ အဆိုပါနေရာများမှ နျူကလီးယားပစ္စည်းများကို ပြောင်းရွှေ့ ဖယ်ရှားရန် ပျက်ကွက်ခဲ့ကြောင်း အိမ်ဖြူတော်က ထပ်လောင်း အာမခံ ခဲ့ပါသည်။
သို့ရာတွင် အမေရိကန်တိုက်ခိုက်မှုများမှာ အီရန်နျူကလီးယားအစီအစဉ်၏ အဓိကအစိတ်အပိုင်းများကို အလုံးစုံ မဖျက်ဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းက ယုံကြည်နေကြောင်း သတင်းရင်းမြစ် များကို ကိုးကား၍ CNN သတင်းဌာနက ဇွန်လ ၂၄ ရက်တွင် ဖော်ပြခဲ့ ပါသည်။
ကိုးကား - TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃