မျှစ်ချိုးခြင်းနှင့် တောင်ယာခုတ်ခြင်းများလာသောကြောင့် ဝါးအထွက်နှုန်း လျော့လာ

News Image

  • မျှစ်ချိုးခြင်းနှင့် တောင်ယာခုတ်ခြင်းများလာသောကြောင့် ဝါးအထွက်နှုန်း လျော့လာ

မြန်မာနိုင်ငံသည် ဝါးသယံဇာတပေါများသည့် နိုင်ငံဖြစ်သော်လည်း မျှစ်ချိုးခြင်းနှင့် တောင်ယာခုတ်ခြင်း များလာသည့်အတွက် ဝါးအထွက်နှုန်း လျော့နည်းလာကြောင်း မျှစ်နှင့် ဝါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဝါးပညာရှင် ဦးကျော်ဝင်းက NP News ကို ပြောသည်။ 
မြန်မာနိုင်ငံအတွင်း သစ်တောဧရိယာ ဖုံးလွှမ်းမှု၊ ဝါးသယံဇာတများစွာရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး ယခုနောက်ပိုင်းတွင် ဝါးထုတ်လုပ်မှုအနေဖြင့် ကျဆင်းလာလျက်ရှိသည်ကို တွေ့ရှိရကြောင်း သစ်တော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က လည်း မေလ (၂၄)ရက်က ရှမ်းပြည်နယ် ကျိုင်း တုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားရာတွင် ထည့်သွင်းပြောကြားထားခဲ့သေးသည်။
“ဝါးအထွက်နှုန်းကျသွားတာက မျှစ်ချိုးတဲ့နှုန်းများတယ်။ တောင်ယာခုတ်ကြတာများတဲ့ အခါကျတော့ ဝါးကအရင်တုန်းကတော့ လမ်းပေါက်တဲ့ နီးနီးနားနားက ခုတ်လို့ရပေမယ့် အခုတစ်ခါကျတော့ ကျွန်တော်တို့ဆီကိုရောက်တဲ့ဝါးတွေဆိုရင် တခြား တစ်နေရာကနေ နွားတွေနဲ့ဆွဲထုတ်ရတာပေါ့။ အခု သစ်တောကလူတွေဆိုရင် ဆင်တွေနဲ့ဆွဲထုတ်ကြတယ်။ နည်းနည်းဝေးသွားတာပေါ့။ နီးနီးနားနားက မျှစ်ချိုးကြတာဆိုတော့ ဝါးကောင်းကောင်းကမရှိတော့ဘူး" ဟု ဝါးအထွက်နှုန်း ကျဆင်းသွားရခြင်း အကြောင်းရင်းနှင့်ပတ်သက်၍ ဦးကျော်ဝင်းက ရှင်းပြသည်။ 
ထို့ပြင် လက်ရှိတွင် ဝါးဝယ်လိုအား မြင့်တက်နေသော်လည်း ပစ္စည်းရှားနေသည့်အပြင် ဝါးခုတ်လုပ်သားရှားပါးခြင်းနှင့် စက်သုံးဆီဈေးမြင့်တက်နေခြင်းကိုလည်း ကြုံတွေ့နေရကြကြောင်း ၎င်းကဆိုသည်။ 
“ Demand အားကြောင့်တော့ အထွက်နှုန်းကျသွားတာမဟုတ်ဘူး။ Demand အားကတော့ ကောင်းတယ်။ Supply နည်းပြီး Demand က မြင့်တက်နေတာပေါ့ ” ဟု ၎င်းကဆက်လက်ပြောသည်။ ဝါး တစ်လုံးတန်ဖိုးမှာ ပြီးခဲ့သည့်နှစ်က ငွေကျပ် (၁၂၀ဝ)သာ ကျသင့်ခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် (၃၅၀ဝ) အထိ မြင့်တက်လာပြီဖြစ်ကြောင်း သိရသည်။ 
မြန်မာနိုင်ငံမှ ထွက်ရှိသောဝါးများကို နိုင်ငံတကာမှ ဝယ်လိုအားရှိနေသော်လည်း ဝါးကို စနစ်တကျ မခုတ်ခြင်း၊ မျှစ်ကို စနစ်တကျမချိုးခြင်းကြောင့် အရည်အသွေးမြင့် ဝါးတောများမရှိသည့်အတွက် ဝင်ငွေနည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။
ဝါးသည် လျင်မြန်စွာကြီးပြင်းနိုင်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်လျော့နည်းစေခြင်း၊ မြေဆီလွှာထိန်းသိမ်းနိုင်ခြင်းနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းနိုင်ခြင်း စသည့်ကောင်းကျိုးများကိုလည်း ပေးစွမ်းနိုင်ကြောင်း သိရသည်။

Source: NP News