(၃)လအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် (၂,၀၀၀) နီးပါး တင်ပို့နိုင်ခဲ့
၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဇွန်လအထိ ပြည်ပသို့ ပုစွန်မက်ထရစ်တန် (၂,၀၀၀) နီးပါး တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ဇွန်လ (၃၀) ရက်အထိ သုံးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် (၁,၉၇၅ ဒသမ ၃၉၄)တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၅ ဒသမ ၄၆၈)သန်းရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် (၁,၈၀၉ ဒသမ ၀၇၄) တန်တင်ပို့ကာ အမေရိကန် ဒေါ်လာ (၄ ဒသမ ၅၆၄) သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် (၁၆၆ ဒသမ ၃၂) တန်တင်ပို့ကာ အမေရိကန်ဒေါ်လာ (၀ဒသမ ၉၀၄) သန်းရရှိခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း (၄၀) ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်မှလည်း တိုက်ရိုက်တင်ပို့လျက်ရှိသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်သုံးလတာ ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်စုစုပေါင်း မက်ထရစ်တန် (၈၂,၇၇၃ ဒသမ ၈၁၁) တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၁၉ ဒသမ ၆၀၁) သန်း ရရှိထားကြောင်း သိရသည်။
Popular Myanmar