ဟန်ဂေရီဝန်ကြီးချုပ်က ယူကရိန်းကို EU အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့် မပြုရန် ခိုင်မာစွာ တားဆီးသွားမည်ဟု ကတိပြု
ဟန်ဂေရီဝန်ကြီးချုပ် အော်ဘန်က ယူကရိန်းနိုင်ငံအား ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ကို ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီး အဆိုပါအခြေအနေကို တားဆီးရန် “အရာရာကို ပြုလုပ်သွား မည်” ဟု ကြေညာလိုက်သည်။
ဇွန်လ ၃ ရက်နေ့တွင် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က Facebook တွင် EU ချဲ့ထွင်ရေးအား ကောင်းမွန်သောစိတ်ကူးဟု သတ်မှတ်ခဲ့သော်လည်း ဘရပ်ဆဲလ်မှ အရာရှိများက ယူကရိန်း၏ဝင်ရောက်ခွင့်ရရှိရေး တွန်းအား ပေးနေမှုကို ဝေဖန်ခဲ့သည်။
“ဘရပ်ဆဲလ်အတွက် ကိယက်ဗ်၏ EU ဝင်ရောက်ခွင့်သည် နိုင်ငံရေးအရ ပျက်စီးမှုကို ပြန်လည်ကုစားရန်နှင့် စစ်ပွဲတွင် အရှုံးများနေချိန်တွင် ကောင်းမွန်သော စီးပွားရေးအခွင့်အလမ်းတစ်ခုအနေဖြင့် ရှင်သန်ရပ်တည်ရေး ကိစ္စအဖြစ် ရှုမြင်ကြသည်” ဟု ၎င်းက ရေးသားခဲ့သည်။
ဟန်ဂေရီခေါင်းဆောင်က ကိယက်ဗ်၏ EU အဖွဲ့ဝင်ဖြစ်မှုသည် ဘူဒါပက်စ် ၏ အကျိုးစီးပွားကို ထိခိုက်စေမည်ဖြစ်ပြီး ဥရောပအတွက် စီးပွားရေးအရ အဆိုးရွားဆုံးဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
“ဥရောပမိသားစုများ၊ လယ်သမားများနှင့် စက်မှုလုပ်ငန်းတွေကို အားဖြည့်ဖို့ မိမိတို့ သုံးထားသည့် ယူရို၊ ဟန်ဂေရီဖော်ရင့်နှင့် ပိုလန် ဇလော့တီတွေကို ယူကရိန်းက အားလုံးစုပ်ယူသွားလိမ့်မည်။ ယခုချိန်မှာ ဘရပ်ဆဲလ်ဗျူရိုကရက်များ၏ ယူကရိန်းအဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက် ကနေ ဟန်ဂေရီနှင့် EU ကို ကာကွယ်ရန် မိမိအနေဖြင့် ဘာမှမလုပ်ခဲ့ပါက နောင် ၁၀ နှစ်အကြာမှာ မိမိ၏မြေးတွေ ဒါမှမဟုတ် မိမိ၏နိုင်ငံကို ရင်ဆိုင် ဝံ့မှာမဟုတ်ပါ” ဟု ၎င်းကပြောသည်။
ယူကရိန်းနှင့် ဥရောပသမဂ္ဂ (EU) တို့သည် ဟန်ဂေရီဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အကြောင်းတစ်စုံတစ်ရာ တုံ့ပြန်မှု မပြု သေးပေ။ ကိယက်ဗ်သည် ၂၀၂၂ ခုနှစ်တွင် EU အဖွဲ့ဝင်အဖြစ် လျှောက် ထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် အဖွဲ့ဝင်ရေး ဆွေးနွေးပွဲများ စတင်ခဲ့ သည်။ EU အရာရှိများက ၂၀၃၀ ပြည့်နှစ်တွင် ယူကရိန်း EU အဖွဲ့ဝင် ဖြစ်ရန် ရည်မှန်းထားသည်။
အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် ဟန်ဂေရီသည် အဖွဲ့ဝင်ရေးလုပ်ငန်းစဉ်၏ အဆင့်တိုင်းတွင် ဗီတိုအာဏာကို ကိုင်စွဲထားသည်။ EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Kaja Kallas က ၂၀၂၄ ခုနှစ်၊ မေလတွင်ဟန်ဂေရီက ယူကရိန်း၏အဖွဲ့ဝင်မှုကို ဗီတိုအာဏာသုံးပါက EU အနေဖြင့် အခြားရွေးချယ်စရာများကို စဉ်းစားနိုင်ကြောင်း ပြောကြားခဲ့သော်လည်း ယင်းအစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းချက် မပေးခဲ့ပေ။
ဝန်ကြီးချုပ် အော်ဘန်ကို NATO ခေါင်းဆောင်များအနက် အရှေ့ ဥရောပ နိုင်ငံများနှင့် ရုရှားနှင့် ရင်းနှီးဆုံးသူအဖြစ် သတ်မှတ်ကြသည်။ ၎င်းသည် NATO အဖွဲ့အား ယူကရိန်းပဋိပက္ခတွင် ဝင်ရောက်စွက်ဖက်မှုကို ကန့်သတ်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ကိယက်ဗ်အား လက်နက်များ ထောက်ပံ့ခြင်းထက် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် ထောက်ခံခဲ့သည်။ ထို့အပြင် ၎င်းသည် ယူကရိန်း NATO အဖွဲ့ဝင်ဖြစ်မှုကို ဥရောပဒေသဆိုင်ရာ နိုင်ငံရေးအပေါ် မမျှော်လင့်နိုင်သော အကျိုးဆက်များဖြစ်ပေါ်စေနိုင်သည်ဟု စိုးရိမ်ပြီး ကြိမ်ဖန်များစွာ ကန့်ကွက်ခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂