သီရိလင်္ကာပါလီမန်က ရဲချုပ် Tennakoon ကို စွပ်စွဲချက်များဖြင့် ရာထူးမှ ထုတ်ပယ်ရန် မဲခွဲဆုံးဖြတ်မည်
သီရိလင်္ကာနိုင်ငံ၏ ရဲချုပ် Deshabandu Tennakoon အား "ရာဇဝတ် ကွန်ယက်ဦးဆောင်မှု" အပါအဝင် စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရေး ကော်မရှင်က တွေ့ရှိပြီးနောက် ပါလီမန်က ၎င်းအား ရာထူးမှ ထုတ်ပယ်ရန် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။
ပါလီမန်ဥက္ကဋ္ဌ Jagath Wickaramaratne က ယနေ့ (ဇူလိုင် ၂၂) ကြေညာချက်တွင် အမတ် ၃ ဦးပါဝင်သော ပါလီမန်ကော်မတီက သီရိလင်္ကာရဲချုပ် Tennakoon အား ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် အပြစ်ရှိကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ကော်မတီ၏ မှတ်ချက်အရ အမတ် ၂၂၅ ဦးပါဝင်သော သီရိလင်္ကာ ပါလီမန်က Tennakoon အား ရာထူးမှ ထုတ်ပယ်ရန် မဲခွဲဆုံးဖြတ်မည် ဖြစ်ပြီး မဲအရေအတွက်အရ ၎င်းအား ရာထူးမှ ထုတ်ပယ်ခြင်း ဖြစ်နိုင်ခြေ များသည်။
အရည်အချင်းမပြည့်မီမှုများကြောင့် ဝေဖန်ခံနေရသည့် ရဲတပ်ဖွဲ့ဝင် ၈၅,ဝဝဝ ဦးကို ကွပ်ကဲသူ Tennakoon သည် သီရိလင်္ကာသမိုင်းတွင် ပထမဆုံးအကြိမ် ရာထူးမှ ထုတ်ပယ်ခံရမည့် ရဲချုပ် ဖြစ်လာမည် ဖြစ်သည်။ "နိုင်ငံသမိုင်းတစ်လျှောက်မှာ ရဲချုပ် တစ်ဦးကို ရာထူးမှ ထုတ်ပယ်ရန် ကော်မရှင်က အကြံပြုခြင်းသည် ယခုအကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပါသည်" ဟု ဥက္ကဋ္ဌ Wickaramaratne က ပြောကြား ခဲ့သည်။
၂၀၂၃ နှစ်ကုန်ပိုင်းတွင် သီရိလင်္ကာသမ္မတ Ranil Wickremesinghe က Tennakoon အား ရဲချုပ် အဖြစ် ခန့်အပ်ခဲ့ပြီး သံသယရှိသူ တစ်ဦးအား ညှင်းပန်းမှုတွင် ၎င်းပါဝင်ခဲ့သည့် အငြင်းပွားဖွယ်ရာ ဖြစ်စဉ် ကြောင့် ကနဦးကတည်းက ဝေဖန်မှုများ ရှိခဲ့သည်။ ထိုစဉ်က သီရိလင်္ကာ တရားရုံးချုပ်က Tennakoon အား နစ်နာကြေး အမေရိကန်ဒေါ်လာ ၁,၆၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သော်လည်း အစိုးရက တရားရုံး၏ အမိန့်ကို လျစ်လျူရှုခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်တွင် သီရိလင်္ကာတရားရုံးချုပ်က Tennakoon ၏ ခန့်အပ်မှုလုပ်ငန်းစဉ်အား စုံစမ်းစစ်ဆေးနေစဉ် ရာထူးမှ ယာယီ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။
ဖေဖော်ဝါရီတွင် Anura Kumara Dissanayake သမ္မတအဖြစ် တာဝန်ယူ ပြီးနောက်၊ သီရိလင်္ကာတရားရုံးက Tennakoon အား ၂၀၂၃ ခုနှစ်က ဝေလီဂမာ ကမ်းခြေမြို့ရှိ ဟိုတယ်တစ်ခုသို့ မူးယစ်ဆေးစစ်ဆေးရေး အကြောင်းပြချက်ဖြင့် တရားမဝင် ဝင်ရောက်စီးနင်းမှု ညွှန်ကြားခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခဲ့သည်။
ထိုစီးနင်းမှုတွင် ဝေလီဂမာရှိ ရဲနှင့် တပ်ဖွဲ့ဝင်များအား အသိပေးခြင်း မရှိဘဲ လုပ်ဆောင်ခဲ့သဖြင့် Tennakoon ၏ တပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သို့သော် နောက်ပိုင်းစစ်ဆေးမှုတွင် ဟိုတယ်အတွင်း မူးယစ်ဆေးဝါး လုံးဝမတွေ့ရှိခဲ့ပေ။
တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် Tennakoon ထွက်ပြေးခဲ့သည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက "အထူးတပ်ဖွဲ့များ စေလွှတ်ရှာဖွေ သော်လည်း ရဲချုပ်အား မတွေ့ရှိရပါ" ဟု ထုတ်ဖော် ပြောဆိုကာ ပြည်သူများထံ အကူအညီတောင်းခဲ့ရသည်။ နောက်ဆုံးတွင် မတ် ၁၉ ရက်နေ့၌ Tennakoon ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့ပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂