အာဖရိက ဘလော့ဂါများသည် ဒစ်ဂျစ်တယ်စွမ်းရည်များဖြင့် ရုရှား-အာဖရိက ဆက်ဆံရေးကို မြှင့်တင်မည်
ရုရှားနိုင်ငံရှိ အာဖရိကဘလော့ဂါများက မော်စကို-အာဖရိကနိုင်ငံများ အကြား နက်ရှိုင်းလာသည့် ဆက်ဆံရေးကို ပြည်သူများ ပိုမိုနားလည်စေရန်နှင့် ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ရန် ၎င်းတို့၏ ဒစ်ဂျစ်တယ် မီဒီယာပလက်ဖောင်းများကို ကြားခံကိရိယာအဖြစ် အသုံးပြုရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါကတိကဝတ်သည် ဇူလိုင် ၁၆-၂၀ ရက်က ရုရှား Bryansk တွင် ကျင်းပခဲ့သော 'From Kilimanjaro to Desna: Content School' အလုပ်ရုံ ဆွေးနွေးပွဲအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် အာဖရိက မီဒီယာကျောင်းသား ၃၀၊ ဘလော့ဂါများနှင့် အကြောင်းအရာ ဖန်တီးသူများကို ဒစ်ဂျစ်တယ်ပုံပြင်ပြောခြင်း၊ ဗီဒီယိုထုတ်လုပ်ခြင်းနှင့် ဆိုရှယ်မီဒီယာဗျူဟာများ သင်ကြားပေးခဲ့သည်။ အဆိုပါသင်တန်းကို African Initiative News Agency၊ African Union of Bloggers၊ Union of Bloggers of Russia နှင့် Bryansk State University of Engineering and Technology တို့က ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ကင်မရွန်းသတင်းထောက် Kevin Abala က ရုရှားနှင့် အာဖရိကပြည်သူများ တစ်ဦးကိုတစ်ဦး ပိုမိုသိရှိစေရန် အထောက်အကူ ဖြစ်စေမည့် အကြောင်းအရာများကို ထုတ်ဝေရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။
Togo နိုင်ငံသား ဘလော့ဂါ Germain Koffi Adediha ကမူ ရရှိလာသည့် ကျွမ်းကျင်မှုများက ရုရှားတွင် ပညာသင်ကြားနေသည့် အတွေ့အကြုံ များနှင့် အလားတူ အခွင့်အလမ်းများ ရှာဖွေနေသူများအတွက် အချက် အလက်များ မျှဝေပေးသည့် ၎င်း၏ Telegram ချန်နယ်တွင် ရုရှား၏ "လက်ရှိအခြေအနေမှန်များ" ကို အားလုံးသိရှိနိုင်ရေး ကူညီမည်ဟု ဆိုသည်။
သို့သော် ရုရှားသည် Togo အပါအဝင် အာဖရိကနိုင်ငံများနှင့် နယ်ပယ် အမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်နေသော်လည်း ပညာရေး နယ်ပယ်ရှိ ပူးပေါင်းဆောင်ရွက်မှုများမှာ တစ်ဖက်သတ်ဖြစ်နေဆဲဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂