အမေရိကန်သို့ အဆိပ်ပြင်းမှိုများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးတရားစွဲဆိုခံရ
အမေရိကန်ရှေ့နေချုပ်ရုံးက တရုတ်သိပ္ပံပညာရှင် ၂ ဦးကို သီးနှံများကို ပျက်စီးစေနိုင်သည့် အဆိပ်ပြင်းမှိုမျိုးကို တရားမဝင် သယ်ဆောင်လာမှုဖြင့် တရားစွဲဆိုလိုက်ပါသည်။
မစ်ရှီဂန်ပြည်နယ် အရှေ့ပိုင်းခရိုင်ရှေ့နေရုံးက ဇွန်လ ၃ ရက်နေ့တွင် တရုတ်နိုင်ငံသား သိပ္ပံပညာရှင် ၃၃ နှစ်အရွယ် Yunqing Jian နှင့် ၃၄ နှစ် အရွယ် Zunyong Liu တို့အား အမေရိကန်သို့ တရားမဝင် ပစ္စည်းများ သယ်ဆောင်ခြင်း၊ လိမ်လည်ထွက်ဆိုခြင်းနှင့် ဗီဇာလိမ်လည်မှုများဖြင့် စွဲချက်တင်ကြောင်း ကြေညာခဲ့သည်။
အမေရိကန်တရားရေးဌာန၏ အဆိုအရ ထိုသိပ္ပံပညာရှင် ၂ ဦးသည် Fusarium graminearum ဟုခေါ်သော အဆိပ်ရှိမှိုမျိုးကို အမေရိကန်သို့ လျှို့ဝှက်သယ်ဆောင်ကာ မစ်ရှီဂန်တက္ကသိုလ်တွင် သုတေသနပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။ FBI ၏ ဖော်ပြချက်အရ အဆိုပါမှိုမျိုးသည် ဂျုံ၊ မုယော၊ ဆန်နှင့် ပြောင်းကဲ့သို့သော သီးနှံများတွင် Cotton blight ရောဂါကို ဖြစ်စေနိုင်ပြီး “စိုက်ပျိုးရေးအကြမ်းဖက်လက်နက်” အဖြစ် သတ်မှတ်ခံထားရသည့် အန္တရာယ်ရှိသော မှိုမျိုးဖြစ်ကာ ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ဒေါ်လာဘီလီယံချီ ဆုံးရှုံးမှုများ ဖြစ်စေနိုင်ပါသည်။ ထို့အပြင် ထိုမှိုမျိုးသည် လူနှင့် တိရစ္ဆာန်များတွင် အန်ခြင်း၊ အသည်းပျက်စီးခြင်း နှင့် မျိုးပွားမှုဆိုင်ရာ ချို့ယွင်းချက်များကိုလည်း ဖြစ်စေနိုင်ပါသည်။
Zunyong Liu သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ၎င်း၏ ကျောပိုးအိတ်တွင်တွေ့ရသော အနီရောင်နမူနာပစ္စည်းနှင့်ပတ်သက်၍ မေးမြန်း စစ်ဆေးစဉ် လိမ်လည်ထွက်ဆိုခဲ့ခြင်းကြောင့် ဒက်ထရိုက်လေဆိပ်၌ ဝင်ရောက်ခွင့်ငြင်းပယ်ခံရပြီး တရုတ်နိုင်ငံသို့ ပြန်ပို့ခြင်းခံခဲ့ရသည်။ FBI ၏အဆိုအရ Liu သည် အစောပိုင်းတွင် နမူနာပစ္စည်းများအကြောင်း ဘာမှမသိဟု ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် မစ်ရှီဂန် တက္ကသိုလ် ဓာတ်ခွဲခန်းတွင် သုတေသနပြုလုပ်ရန် ရည်ရွယ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ Liu ၏ ချစ်သူ Yunqing Jian သည် အဆိုပါဓာတ်ခွဲခန်းတွင် အလုပ်လုပ်နေဆဲဖြစ်ပြီး Liu ကိုယ်တိုင်မှာမူ အလုပ်မှ နုတ်ထွက်ထားသူဖြစ်သည်။
တရားစွဲဆိုချက်အရ ၎င်းတို့နှစ်ဦးစလုံးသည် တရုတ်နိုင်ငံတွင် Fusarium graminearum မှိုမျိုးကို လေ့လာခဲ့ဖူးပြီး ၂၀၂၄ ခုနှစ်က သူတို့အကြား ပို့သောစာတိုများတွင် Jian သည် Liu ဒက်ထရိုက်လေဆိပ်တွင် ဖမ်းဆီးခံရချိန်မတိုင်မီကပင် မစ်ရှီဂန်တက္ကသိုလ်ဓာတ်ခွဲခန်းတွင် ထိုမှိုမျိုးကို လေ့လာနေခဲ့ကြောင်း ဖော်ပြထားသည်။ မစ်ရှီဂန်တက္ကသိုလ်တွင် အဆိုပါ မှိုမျိုးကို လေ့လာရန် ဖက်ဒရယ်လိုင်စင်မရှိခဲ့ပေ။
အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံနှင့် တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်မရှိသောကြောင့် Liu ကို ဝါရှင်တန်က ဖမ်းဆီးနိုင်ရန် မဖြစ်နိုင်ဟု ယူဆရသည်။ ထိုအတောအတွင်း Jian အား တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး လာမည့်ရက်များအတွင်း အာမခံကြားနာမှုကို ဆိုင်းငံ့ထားကာ အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
တရုတ်အစိုးရက အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးဘဲ မစ်ရှီဂန်တက္ကသိုလ်မှ စုံစမ်းစစ်ဆေးမှုတွင် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
ကိုးကား-VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂