NATO အစည်းအဝေးတွင် ယူကရိန်းအဖွဲ့ဝင်ဖြစ်ရေးကိစ္စကို ရှောင်ရှားမည်

News Image

  • NATO အစည်းအဝေးတွင် ယူကရိန်းအဖွဲ့ဝင်ဖြစ်ရေးကိစ္စကို ရှောင်ရှားမည်

NATO ခေါင်းဆောင်များသည် ယခုလအတွင်း ကျင်းပမည့်အရေးပါသော အစည်းအဝေးတွင် ယူကရိန်း၏ အဖွဲ့ဝင်ရေးကိစ္စကို တမင် ရှောင်ရှား သွားမည်ဖြစ်ကြောင်း AFP သတင်းဌာနက ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်ဦးဆောင်သော စစ်ရေးမဟာမိတ် အဖွဲ့ဝင် များသည် ယူကရိန်းအဖွဲ့ဝင်ရေးကိစ္စကို အလေးပေးပါက EU နှင့်အမေရိကန်ကြား တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည်ဟူသော စိုးရိမ်မှုကြောင့် အဆိုပါကိစ္စကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဇွန်လကုန်ပိုင်းတွင် နယ်သာလန်နိုင်ငံ၊ The Hague ၌ ကျင်းပမည့် အစည်းအဝေးတွင် NATO အဖွဲ့ဝင်များသည် “ယူကရိန်းသည် NATO အဖွဲ့ဝင်ဖြစ်လာရန် လမ်းစရှိသည်” ဟူသော ယခင်က ပြောကြားခဲ့သည့် အတည်ပြုချက်များကို ရှောင်ရှားသွားဖွယ်ရှိကြောင်း AFP က ဖော်ပြ ခဲ့သည်။

NATO အဖွဲ့ဝင်နိုင်ငံများကြား ညီညွတ်မှုကို ထိန်းသိမ်းရန်အတွက် နောက်ဆုံး ကြေညာချက်တွင် ယူကရိန်း၏ အဖွဲ့ဝင်ရေးကိစ္စကို ဖော်ပြခြင်းမရှိဘဲ အခြားကိစ္စများကိုသာ ဆွေးနွေးသွားမည်ဟု သံတမန်အရင်းအမြစ် တစ်ခုက AFP သို့ ပြောကြားခဲ့သည်။ “ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှ ဖော်ပြမည်မဟုတ်ပါ” ဟု NATO သံတမန်တစ်ဦးက ပြောကြားခဲ့ပြီး “မိမိတို့ လုံးဝအသံတိတ်နေမည်ဟု မျှော်လင့်ပါသည်” ဟု ထပ်လောင်း ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်း၏ NATO အဖွဲ့ဝင်ရေး ကြိုးပမ်းမှုကို အခိုင်အမာ ကန့်ကွက်ခဲ့ကာ ဖေဖော်ဝါရီလအတွင်းတွင် ၎င်းက “ယူကရိန်းသည် NATO အကြောင်း မေ့ထားနိုင်သည်” ဟုပြောကြားခဲ့ပြီး ကိယက်ဗ်၏ အဖွဲ့ဝင်ရေး ကြိုးပမ်းမှုသည် “ရုရှားနှင့် ပဋိပက္ခ စတင်ရသည့် အဓိကအကြောင်းရင်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ရည်ညွှန်းပြောဆိုခဲ့သည်။

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် အစည်းအဝေးသို့ တက်ရောက်လာမည်ဟု မျှော်လင့်ရသော်လည်း NATO နှင့် ကိယက်ဗ် အကြား တရားဝင်ဆွေးနွေးမှုများ ဖြစ်နိုင်ခြေနည်းကြောင်း AFP က ဖော်ပြ ခဲ့သည်။ “၎င်းမရှိခဲ့ပါက PR အရ အရှုံးကြီးဖြစ်သွားမည်” ဟု အခြား သံတမန်တစ်ဦးက သတင်းဌာနအား ပြောကြားခဲ့သည်။

NATO အထွေထွေအတွင်းရေးမှူး Mark Rutte က ယူကရိန်း ပြဿနာ သည်အစည်းအဝေး၏ အဓိကအချက်အဖြစ် ဆက်ရှိနေကြောင်း ဇောင်းပေး ပြောဆိုခဲ့သော်လည်း AFP ၏ သတင်းရင်းမြစ်များက ကွဲလွဲသော အခြေ အနေကို ဖော်ပြခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ရေး အသုံး စရိတ်ကို သိသိသာသာတိုးမြှင့်ရန် ထရမ့်၏ တောင်းဆိုချက်များကိုဖြည့်ဆည်းရန်သာ အဓိကအာရုံစိုက်မည်ဟု ဆိုသည်။ “ဒါကအရေးအကြီးဆုံး အပိုင်းဖြစ်ပြီး ဘယ်သူမှ ဒီကိစ္စကိုအန္တရာယ်မဖြစ်စေချင်ပါ” ဟု သတင်းဌာန၏ အရင်းအမြစ်က ပြောကြားခဲ့သည်။

ရုရှားဘက်မှ ယူကရိန်း၏ NATO အဖွဲ့ဝင်ရေးသည် Red line ဖြစ်ပြီး ပဋိပက္ခ၏ အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ကြောင်း၊ ယူကရိန်း အနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အဓိကအခြေခံ သဘောတူညီချက်တစ်ခုဖြစ်သည့် ဘက်မလိုက်သည့် အခြေအနေကို လက်ခံရမည်ဟု လေးလေးနက်နက် တောင်းဆိုထားသည်။

ထရမ့်အစိုးရ အရာရှိများက NATO အဖွဲ့ဝင်ရေးကို “အလှမ်း ဝေးလွန်းသော တံတား” အဖြစ် ရှုမြင်သော်လည်း၊ ကိယက်ဗ်ဘက်မှ ဘက်မလိုက်ရေး သို့မဟုတ် နိုင်ငံအတွင်း နိုင်ငံခြားတပ်များ အခြေချခွင့်မပြုရေးကတိပြုရန် ငြင်းဆန်ခဲ့ပြီး မော်စကိုကလည်း ယင်းကိစ္စကို Red line အဖြစ် သတ်မှတ်ထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂