ရုရှားနိုင်ငံနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲ၌ အမေရိကန်နှင့် တရုတ်နိုင်ငံ တို့ကြား အချေအတင်ဖြစ်ပွား
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် ရုရှားနိုင်ငံနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲ၌ အချေအတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းက ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆွေးနွေးပွဲ၌ အချေအတင်၊ အငြင်းအခုံဖြစ်ပွားခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် ရုရှားနိုင်ငံအား လျှို့ဝှက်စွာ အကူအညီပေးလျက်ရှိသည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဒေါရောသီရှီးက စွပ်စွဲပြောကြားပြီးနောက် နှစ်နိုင်ငံကြား အချေအတင်ဖြစ်ပွားခြင်း ဖြစ်သည်။
ထို့ပြင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအတွင်းလုပ်ဆောင်နေသည့် ရန်လိုမှုများကို ရပ်တန့်ပေးရန် ဒေါရောသီရှီးက တရုတ်နိုင်ငံအား တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါပြောဆိုချက်များကို တရုတ်နိုင်ငံက ငြင်းဆိုခဲ့ပြီး ယူကရိန်းပဋိပက္ခအား တရုတ်နိုင်ငံက စတင်ခဲ့ခြင်းမဟုတ်ကြောင်း၊ ထို့ပြင် ပဋိပက္ခတွင်လည်း ပါဝင်နေခြင်းမရှိကြောင်း၊ အဆိုပါပဋိပက္ခတွင် အသုံးပြုရန်အတွက် လက်နက်ခဲယမ်း များကိုလည်း ထောက်ပံ့ပေးနေခြင်းမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်လက်ထောက်သံ အမတ်ကန်းရှုအမ်က တုံ့ပြန်ပြောကြားသည်။
ထို့အတူ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယူကရိန်းအရေးတွင် နှစ်ဦးနှစ်ဖက်အကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်စေရေးတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပိုမိုပါဝင်ပြီး အခြားနိုင်ငံများအပေါ် အပြစ်တင်ခြင်းအားဖြင့် ထိပ်တိုက် ရင်ဆိုင်မှုများဖန်တီးခြင်းကို ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံက ဆက်လက်တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ကုမ္ပဏီများသည် ရုရှားနိုင်ငံအား အနောက်နိုင်ငံများက ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ကျော်လွှားနိုင်စေရန်အတွက် အကူအညီများပေးအပ်လျက်ရှိပြီး စစ်ရေးတွင်အသုံးပြုနိုင်သည့် နည်းပညာများနှင့် ပစ္စည်းကိရိယာများကို ရုရှားနိုင်ငံသို့ ပေးပို့လျက်ရှိသည်ဟု အမေရိကန်အစိုးရက ယူဆထားသည်။
သို့သော် တရုတ်နိုင်ငံသည် ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် ကြားဝင်ဖျန်ဖြေသည့် အခန်းကဏ္ဍမှပါဝင်ရန် ကမ်းလှမ်းခဲ့သည့်အပြင် ရုရှားအပေါ် အနောက်နိုင်ငံများက ပိတ်ဆို့မှုများချမှတ်ခြင်းသည် ယူကရိန်းငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေမည်မဟုတ်ဟု တုံ့ပြန်ထား ကြောင်းသိရသည်။
Ref: Rt
MWD Web Portal