ထိုင်း-ကမ္ဘောဒီးယား နယ်နိမိတ်ပဋိပက္ခ ထရမ့်၏ ကြားဝင်ဖျန်ဖြေမှုဖြင့် စစ်ပြေငြိမ်းရန် နှစ်နိုင်ငံသဘောတူ
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်နိမိတ်အရေးအခင်းကြောင့် ဇူလိုင် ၂၄ ရက်မှစတင်၍ ပဋိပက္ခပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြားဝင်ဖျန်ဖြေမှုဖြင့် စစ်ပြေငြိမ်း ရန် သဘောတူညီချက်ရရှိခဲ့သည်။
ပဋိပက္ခစတင်ခဲ့သည့် ဇူလိုင် ၂၄ ရက်မှစ၍ နှစ်ဖက်စလုံးတွင် စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ကာ ထိုင်းပင်လယ်ကွေ့အနီး နယ်စပ်ဒေသသို့ ပဋိပက္ခ ကူးစက်ခဲ့သည်။ထိုင်းဘက်မှ ၁၃၈,၀၀၀ ကျော်နှင့် ကမ္ဘောဒီးယားဘက်မှ ၃၅,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။
သမ္မတထရမ့်က ဇူလိုင် ၂၆ ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai တို့နှင့် ပဋိပက္ခပြေငြိမ်းစေရေး ဖုန်းဆက်ဆွေးနွေးခဲ့သည်။ ထိုင်းဘက်မှ စစ်ပြေ ငြိမ်းရန် အခြေခံသဘောတူညီချက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ကမ္ဘောဒီးယား ဘက်မှလည်း ချက်ချင်းနှင့် ကန့်သတ်ချက်မရှိ စစ်ပြေငြိမ်းရန် သဘော တူခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်က "အဆိုပါသဘောတူညီချက်သည် စစ်သားနှင့် အရပ်သားများ၏ အသက်ကိုကယ်တင်ရန်၊ စစ်ဘေးရှောင်များ အိမ်ပြန် နိုင်ရန် အထောက်အကူဖြစ်မည်" ဟု ဖေ့စ်ဘွတ်တွင် ရေးသားခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပဋိပက္ခကို စိုးရိမ်ကြောင်း ထုတ်ပြန်ကာ နှစ်ဖက်စလုံးအား "ချက်ချင်းစစ်ပြေငြိမ်းပြီး ရေရှည်ဖြေရှင်းနည်းများအတွက် ဆွေးနွေးရန်" တိုက်တွန်းခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ညှိနှိုင်းမည်ဖြစ်ပြီး ထိုင်းနိုင်ငံခြား ရေးဝန်ကြီးနှင့်လည်း သဘောတူညီချက်များ အမြန်ဆုံးအကောင်အထည် ဖော်ရန် ဆွေးနွေးသွားမည်ဟု သိရသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂