တိုကျိုနှင့် ဘာလင်တွင် အမေရိကန်လုပ်ဆောင်ခဲ့သည့်အတိုင်း အစ္စရေး က ဂါဇာတွင် လုပ်ဆောင်နိုင်သည်ဟု အမေရိကန် ဆီးနိတ် လွှတ်တော် အမတ်ပြောဆို
အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်က အစ္စရေးသည် ဂါဇာကို အပြည့်အဝထိန်းချုပ်ရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်က ဂျာမနီနှင့် ဂျပန်၏ အစိတ် အပိုင်းများကို သိမ်းပိုက်ခဲ့သကဲ့သို့ အစ္စရေးသည်လည်း ပါလက်စတိုင်း နယ်မြေကို ရေရှည်သိမ်းပိုက်မည်ဖြစ်ကြောင်း ၎င်းက NBC သတင်းဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ဂရေဟမ်က သိမ်းပိုက်ခြင်းမှလွဲ၍ အခြားဖြေရှင်းနည်းမရှိဟု အစ္စရေး ခေါင်းဆောင်များ ယုံကြည်နေကြောင်း ဖော်ပြခဲ့သည်။ "အစ္စရေး၏ လုံခြုံရေးအတွက် ဟားမက်နှင့် စစ်ရေးအဆုံးသတ်ရန် ရည်မှန်းချက် မအောင်မြင်နိုင်ကြောင်းနှင့် ညှိနှိုင်းမှုများကို အဆုံးသတ်ခဲ့ကြပြီ" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟားမက်အကြား အမေရိကန်၏ ကြားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့်နေချိန်တွင် ဟားမက်နှင့် စစ်ပြေငြိမ်းရေးအတွက် ညှိနှိုင်းရန် နည်းလမ်းမရှိဟု ဝါရှင်တန်ကလည်း ယုံကြည်နေကြောင်း ဆီးနိတ်အမတ်က ပြောကြားခဲ့သည်။
အမေရိကန်က တိုကျိုနှင့် ဘာလင်တွင် လုပ်ဆောင်ခဲ့သကဲ့သို့ အစ္စရေး က ဂါဇာကို အင်အားသုံးသိမ်းပိုက်ကာ ပြန်လည်တည်ဆောက်နိုင်သည် ဟု ဂရဟမ်က ပြောကြားခဲ့သည်။ အစ္စရေးသည် ဟားမက် လက်နက်ကိုင် အဖွဲ့နှင့် အကျဉ်းသားများလဲလှယ်နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂