ဇီလန်စကီးက ၎င်းအရေးနိမ့်နေသည်ကို သိနေပြီဖြစ်သည်ဟု အမေရိကန် ဆီးနိတ်အမတ် ပြော
ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် ရုရှားနှင့် ပဋိပက္ခတွင် ၎င်းတစ်နိုင်ငံတည်း မနိုင်နိုင်ခြင်းကို ကောင်းစွာသိရှိပြီး NATO ကို ယင်းစစ်ပွဲအတွင်း ဆွဲသွင်းရန် ကြိုးစားနေသည်ဟု အယ်လ်ဘားမားမှ ရီပတ်ပလီကန် ဆီးနိတ်အမတ် Tommy Tuberville က ပြောကြားခဲ့ ပါသည်။ ဤသည်မှာ ကမ္ဘာကို ကမ္ဘာစစ်အသစ်ဆီသို့ ဆွဲချသွားနိုင်ကြောင်း လည်း ၎င်းက သတိပေးခဲ့ပါသည်။
Tuberville က တနင်္ဂနွေနေ့ (ဇွန် ၈) တွင် WABC 770 AM ရေဒီယို၏ John Catsimatidis 'Cats Roundtable' အစီအစဉ်၌ ထိုကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်သည်။ ၎င်းအဆိုအရ မော်စကိုနှင့် ကိယက်ဗ်အကြား ပဋိပက္ခသည် အခြားနိုင်ငံများသို့ ပျံ့နှံ့ရန်နီးစပ်နေပြီး အမေရိကန်စစ်တပ် ပါဝင်လာနိုင်သည့် အခြေအနေဖြစ်နေပါသည်။
ဇီလန်စကီးက NATO အား ယင်းစစ်ပွဲအတွင်း ဆွဲသွင်းရန် ကြိုးစား နေခြင်းကို သံသယမရှိဟု Tuberville က ဆိုပြီး၊ ယူကရိန်း ခေါင်းဆောင် သည် အဆိုပါစစ်ပွဲကို တစ်နိုင်ငံတည်းမနိုင်နိုင်ကြောင်း နှင့် ၎င်းအရေးနိမ့် နေသည်ကို သိနေသည်ဟု ထပ်လောင်းပြောဆိုခဲ့ပါသည်။ ထို့အပြင် ဇီလန်စကီးကို ဒီမိုကရေစီနည်းလမ်းမကျသူဟု ဝေဖန်ခဲ့ပြီး ပြဿနာ အားလုံးကို ၎င်းကိုယ်တိုင် ဖန်တီးခဲ့သူဖြစ်ကာ ရွေးကောက်ပွဲ မလုပ်ချင်သော သူဟုလည်း ဝေဖန်ခဲ့ပါသည်။
“ရွေးကောက်ပွဲလုပ်ရင် သူ အရွေးချယ်မခံရဘူးဆိုတာ သူသိခဲ့တယ်” ဟု Tuberville က ဆိုပြီး ယင်းအစား ဇီလန်စကီးသည် ပဋိပက္ခကို ပိုကြီးထွားစေရေးလုပ်ဆောင်ရန် နည်းလမ်းရှာနေသည်ဟု ၎င်းက ယုံကြည်ထားကြောင်း ဆိုပါသည်။
ထို့အပြင် ယူကရိန်း၏ ရုရှားစစ်လေယာဉ်ကွင်းများကို မကြာသေးမီက တိုက်ခိုက်မှုနှင့်ပတ်သက်၍လည်း Tuberville က စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါသည်။
Tuberville အဆိုအရ ဇီလန်စကီးသည် အဆိုပါတိုက်ခိုက်မှုနှင့်အတူ အန္တရာယ်ကို ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုကို နှောင့်ယှက်လိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။
ကမ္ဘာကြီးက ထိုကဲ့သို့သော အရှိန်မြှင့်တင်မှုများ မလိုအပ်ပါဟု Tuberville က ဆိုပြီး ရုရှား၊ ယူကရိန်း၊ အမေရိကန်နှင့် EU တို့အနေဖြင့် အဆိုပါ ပြဿနာကို အဖြေရှာနိုင်ရေး အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည် ဟု ထပ်လောင်းပြောခဲ့ပါသည်။ ထိုသို့မဟုတ်ပါက “ဒုတိယ ကမ္ဘာစစ်ကဲ့သို့ အရမ်းကြီးမားသည့် ဘေးအန္တရာယ် ဖြစ်လာနိုင်သည်” ဟုလည်း ၎င်းက သတိပေးခဲ့ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ကိယက်ဗ်၏ ရုရှား လေယာဉ်ကွင်းများကို တိုက်ခိုက်ခြင်းကို မနှစ်သက်ကြောင်းပြောဆိုခဲ့ပြီး ယူကရိန်းသည် ရုရှားက ၎င်းတို့အား အပြင်းအထန် ဗုံးကြဲရန် အကြောင်းပြချက်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုခဲ့ပါသည်။ ရုရှားဘက်မှ လည်း ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများနှင့် ရုရှားနယ်မြေပေါ်ရှိ ဖျက်ဆီးမှုများကို ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းအချင်းအရာများသည် ပဋိပက္ခကို သံတမန်နည်းနှင့် ဖြေရှင်းရန် ကြိုးပမ်းမှုများကို ထိခိုက် စေသည်ဟု ဆိုပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂