ဒေါ်နယ်ထရမ့်အပေါ် ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးက စွဲချက် တင်ထားသည့်အမှုအား ဇွန် ၁၂ တွင် အမေရိကန်တရားရုံး ကြားနာမည်
လော့စ်အိန်ဂျလိစ်မြို့၌ ဆူပူမှုများဖြစ်ပွားနေစဉ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်သားများစေလွှတ်ရန် ဆုံးဖြတ်ချက်ကို ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူးဆမ်၏ ရှေ့နေ့က စွဲချက်တင်သွင်းလိုက်သည့် အမှုကို ဇွန် ၁၂ ရက်နေ့တွင် အမေရိကန်တရားရုံးတွင် ကြားနာစစ်ဆေးမည် ဖြစ်ပါသည်။
တရားရုံးကြားနာစစ်ဆေးမှုကို ဇွန် ၁၂ ရက် ဒေသစံတော်ချိန် နေ့လယ် ၁နာရီ ၃၀ အချိန်တွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်ဖက်အဖွဲ့များအနေဖြင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်နိုင်ကြောင်း သိရပါသည်။
လော့စ်အိန်ဂျလိစ်မြို့တွင် ဇွန် ၆ ရက်မှ စတင်၍ နိုင်ငံကူး လက်မှတ် မရှိသော ရွှေ့ပြောင်းနေထိုင်သူများအား အစုလိုက်ဖမ်းဆီးမှုများ ပြုလုပ် ခဲ့ပါသည်။ ဇွန် ၇ ရက် ညနေခင်းတွင် လူ ၄၄ ဦးအား နိုင်ငံကူးလက်မှတ် ဥပဒေချိုးဖောက်မှုဖြင့် ဖမ်းဆီးထားပြီးဖြစ်ပါသည်။ ထိုဖမ်းဆီးမှုများကို ဆန့်ကျင်သည့်အနေဖြင့် မြို့သူမြို့သားများ လမ်းများပေါ်သို့ ဆန္ဒပြ ထွက်လာခဲ့ကြပါသည်။ CBS သတင်းဌာန၏ ဖော်ပြချက်အရ ဆန္ဒပြ သူများသည် ရဲတပ်ဖွဲ့၏လုပ်ငန်းဆောင်တာများကို ဟန့်တားရန် ကြိုးစား ခဲ့ပြီး လမ်းများပိတ်ဆို့ကာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဌာနအရာရှိများအား ကျောက်တုံးများနှင့် မီးကျည်များ ပစ်ခတ်ခဲ့ကြ ပါသည်။ လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန် တွင် လူ ၅၆ ဦးအား ဖမ်းဆီးခဲ့သည်။
သမ္မတထရမ့်သည် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂေဗင် နယူးဆမ်နှင့် တိုင်ပင်ခြင်းမပြုဘဲ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀၀၀ အား ဆူပူမှုများထိန်းသိမ်းရန် လော့စ်အိန်ဂျလိစ်သို့ စေလွှတ်ရန် အမိန့်ပေးခဲ့သည်။ နယူးဆမ်သည် နောက်ပိုင်းတွင် ၎င်း၏ခွင့်ပြုချက်မရှိဘဲ တပ်များစေလွှတ်မှုအတွက် သမ္မတထရမ့်နှင့် ကာကွယ်ရေး ဝန်ကြီး ပီတာဟက်စ်ကို တရားစွဲဆိုခဲ့ပါသည်။ CNN ရုပ်သံလိုင်း၏ ဖော်ပြချက်အရ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၇၀၀ ခန့်ကို လော့စ်အိန်ဂျလိစ်သို့ စေလွှတ်ခဲ့ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနသည် ဆူပူမှုများကို ထိန်းသိမ်းရန် ရေတပ် စစ်သား ၇၀၀ ခန့် ကို လည်း စေလွှတ်ခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃