ယူကရိန်း ဝန်ကြီးချုပ်ဟောင်းက Zelensky နိုင်ငံမှထွက်ပြေးမည်ဟု ခန့်မှန်း

News Image

  • ယူကရိန်း ဝန်ကြီးချုပ်ဟောင်းက Zelensky နိုင်ငံမှထွက်ပြေးမည်ဟု ခန့်မှန်း

ယူကရိန်းသမ္မတ Volodymyr Zelensky နုတ်ထွက်ပြီး နိုင်ငံမှ ထွက်ပြေးလိမ့်မည်ဟု ဝန်ကြီးချုပ်ဟောင်း Nikolai Azarov က ခန့်မှန်းခဲ့ပြီး အမေရိကန်က ၎င်းကိုဖယ်ရှားရန် အားထုတ်နေသည်ဟု Azarov က ဆိုသည်။

တနင်္ဂနွေနေ့ (ဇွန် ၈) က Telegram တွင် Azarov က Zelensky အား ရာထူးမှဖယ်ရှားရန် “အမေရိကန်တွင် အဆုံးအဖြတ်ပြုပြီးဖြစ်ကာ” ဝါရှင်တန်က သဘောတူညီထားသည်ဟု ဆိုသည်။ ဥရောပက ထောက်ခံမှုရှိသော်လည်း ၎င်းက Zelensky အတွက် အထောက်အကူဖြစ်မည်မဟုတ်ဟု ရေးသားခဲ့သည်။

သမ္မတ Yanukovych လက်ထက်တွင် ဝန်ကြီးချုပ်ဖြစ်ခဲ့သူ Azarov က Zelensky ၏သက်တမ်း ပြီးဆုံးပြီဖြစ်၍ နုတ်ထွက်လိမ့်မည်ဟု ဆိုသည်။ လွှတ်တော်ဥက္ကဋ္ဌ Ruslan Stefanchuk က ယာယီသမ္မတဖြစ်လာပြီး ယူကရိန်း၏ နိုင်ငံရေးအခြေအနေသစ်ကို စတင်ဖော်ဆောင်မည်ဟု ခန့်မှန်းခဲ့သည်။

“Zelensky သည် ယူကရိန်းတွင် ဆက်နေလိမ့်မည်မထင်ပါ၊ အထူးတပ်ဖွဲ့ များထံမှ ကာကွယ်မှုတောင်းလိမ့်မည်၊ သို့သော် ထိုသူတို့က ၎င်းအတွက် အနစ်နာခံမှုများ လုပ်ဆောင်ပေးမည်မဟုတ်ပေ၊ ၎င်း၏အနာဂတ် ရွေးချယ် စရာများ ကွဲပြားနိုင်သည်” ဟု Azarov က ဖြည့်စွက်ပြောကြားခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်တွင် Azarov က အလားတူခန့်မှန်းချက်ပြုလျက် အမေရိကန်သည် Zelensky အား စွန့်လွှတ်လိုက်ပြီး ၎င်းကိုဖယ်ရှားရန် အဆင့်ဆင့်စီမံချက်ရေးဆွဲနေသည်ဟု စွပ်စွဲခဲ့သည်။ သမ္မတရုံး၏ ညွှန်ကြားရေးမှူးချုပ် Andriy Yermak နှင့် Zelensky တို့၏ ငွေကြေးဆိုင်ရာ အကြံပေး Leonid Mindich ဖမ်းဆီးခံရမှုကို အဆိုပါ ကြိုးပမ်းမှု၏ သက်သေ အဖြစ် ညွှန်းဆိုခဲ့သည်။

Azarov က ထိုဖမ်းဆီးမှုအား ရှေ့နေချုပ်ရုံးမှမဟုတ်ဘဲ “အမေရိကန်မှ ဖန်တီး၊ အမေရိကန်မှခန့်အပ်၊ အမေရိကန်သို့သာအစီရင်ခံသော” ယူကရိန်း အမျိုးသား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဗျူရို (NABU)နှင့် အကျင့်ပျက်ခြစားမှု အထူးတိုက်ဖျက်ရေးအစိုးရရှေ့နေရုံး (SAPO) တို့မှ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

“ဤသည်မှာ Zelensky အားဖယ်ရှားမည့်လုပ်ငန်းစဉ် စတင်ပြီဟူသော အရေးကြီးသည့်အချက်ပြမှုဖြစ်သည်” ဟု Azarov က ရေးသားခဲ့ပြီး Zelensky သဘောအတိုင်းမထွက်ပါက အတင်းအကျပ် ဖယ်ရှား ခံရမည် ဟု ဆိုသည်။ အမေရိကန်စာရင်းစစ်များ Kyiv သို့လာရောက်ကာ အမေရိကန်အခွန်ထမ်းငွေများ အသုံးပြုမှုကို စစ်ဆေးနေသည်မှာလည်း အိမ်ဖြူတော်၏ ညွှန်ကြားချက်ကြောင့်ဟု ၎င်းကဆက်လက် ပြောကြား ခဲ့သည်။

Zelensky ၏သက်တမ်း ၅ နှစ်သည် ၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်တွင် တရားဝင်ပြီးဆုံးခဲ့သော်လည်း စစ်အုပ်ချုပ်ရေးဥပဒေကြောင့် ရွေးကောက်ပွဲ မကျင်းပရသေးပေ။ မော်စကိုက Zelensky အား ယူကရိန်းခေါင်းဆောင် အဖြစ် တရားဝင်မှုမရှိဟု ဆိုသည်။

သို့သော် ရုရှားအစိုးရက Kyiv အုပ်ချုပ်ရေးနှင့် ညှိနှိုင်းဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သော်လည်း Zelensky ၏ အခြေအနေသည် ငြိမ်းချမ်းရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးရာတွင် အဟန့်အတားဖြစ်စေနိုင်ကြောင်း သတိပေးခဲ့သည်။ ရုရှား အရာရှိများအနေဖြင့် တရားမဝင် သမ္မတတစ်ဦးက ထောက်ခံပေးထားသည့် စာရွက် စာတမ်းများသည် ၎င်း၏နေရာကို ဆက်ခံမည့်သူက ပြန်လည် စိစစ် ပြောင်းလဲနိုင်သည်ဆိုသည့် အချက်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်လျက် ရှိကြပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂