ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ သည် အကြံပေးချုပ် မိုဟာမက် ယူနွတ်နှင့် တွေ့ဆုံရန် ငြင်းဆို

News Image

  • ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ သည် အကြံပေးချုပ် မိုဟာမက် ယူနွတ်နှင့် တွေ့ဆုံရန် ငြင်းဆို

ဖြုတ်ချခံရသော အာဝါမီလိဂ်အစိုးရလက်ထက်က ခဝါချခဲ့သော ဘီလီယံ နှင့်ချီသည့် ဒေါ်လာများ ပြန်လည်ရရှိရေးအတွက် ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ၏ အကြံပေးချုပ် မိုဟာမက် ယူနွတ်၏ တောင်းဆိုမှုကို ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ငြင်းပယ်ခဲ့ကြောင်း Financial Times (FT) က ဖော်ပြခဲ့ပါသည်။

ရှိတ်ဟာဆီနာ ဦးဆောင်သော အစိုးရလက်ထက်က “ခိုးယူခံရသော” ရန်ပုံငွေများကို ခြေရာခံရာတွင် ဗြိတိန်သည် “ဥပဒေအရရော… ကိုယ်ကျင့် တရားအရပါ” ကူညီရန် တာဝန်ရှိကြောင်း ယူနွတ်က FT သို့ ပြောကြား ခဲ့ပါသည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ၎င်းနှင့်တွေ့ဆုံရန် သဘော မတူခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

“မိမိ ၎င်းကို တိုက်ရိုက်ပြောဆိုခြင်းမျိုး မရှိပါ” ဟု အကြံပေးချုပ်က ပြောကြား ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် ဘင်္ဂလားဒေ့ရှ်၏ ကြိုးပမ်းမှုများကို ထောက်ခံလိမ့်မည်ဟု “သံသယမရှိ” ကြောင်း နှင့် “ဒါတွေက ခိုးထားသည့် ပိုက်ဆံတွေပါ” ဟု ၎င်းက ပြောကြားခဲ့ပါသည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် လက်ရှိတွင် ယူနွတ်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ဗြိတိန်အစိုးရအရာရှိများက FT သို့ အတည်ပြုခဲ့ပြီး ထပ်မံမှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါသည်။

လန်ဒန်သို့ ၎င်း၏ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ဗြိတိန်ထံမှ “ပိုမို စိတ်အား ထက်သန်သော ထောက်ခံမှု” ရယူရန်ဖြစ်ကြောင်း အကြံပေးချုပ်က ပြောကြားခဲ့ပါသည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၏ အစိုးရအဖွဲ့ဝင် လေဘာပါတီ လွှတ်တော်အမတ် Tulip Siddiq သည် ဖြုတ်ချခံရသော ဝန်ကြီးချုပ် ဟာဆီနာ၏ တူမလည်းဖြစ်ပါသည်။ 

ဇန်နဝါရီလက စတာမာ၏ အနီးကပ်မဟာမိတ်ဖြစ်သူ Tulip သည် အာဝါမီလိဂ်နှင့် ဆက်စပ်နေသူများထံမှ ပိုင်ဆိုင်မှုနှင့် ထောက်ခံမှုဆိုင်ရာ အဂတိလိုက်စားမှု စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် မြို့တော်ဝန် နေရာမှ နုတ်ထွက်ခဲ့ရပါသည်။

ယခုသီတင်းပတ်အတွင်း ပေးပို့သော စာတစ်စောင်တွင် Tulip က ဘင်္ဂလားဒေ့ရှ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စွပ်စွဲချက် များကို “ရှင်းလင်းရန်” ယူနွတ်၏ ဗြိတိန်ခရီးစဉ်အတွင်း တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း အကြံပေးချုပ် ယူနွတ်က ၎င်းနှင့် တွေ့ဆုံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ဒါက ဥပဒေရေးရာ ကိစ္စပါ… ဥပဒေကြောင်းအရ ဆောင်ရွက်ရမှာပါ” ဟု ၎င်းက ပြောကြားခဲ့ပါသည်။ “မိမိအတွက် ပုဂ္ဂိုလ်ရေးကိစ္စမဟုတ်ပါ” ဟု ၎င်းက ပြောကြားခဲ့ပါသည်။

အာဝါမီလိဂ် အုပ်ချုပ်ခဲ့သော ၁၆ နှစ်တာ ကာလအတွင်း ဟာဆီနာသည် ၎င်း၏ “အာဏာကို ဆွေမျိုးများနှင့် မဟာမိတ်များအတွက် ငွေကြေး ရယူရန် အခွင့်အလမ်းအဖြစ်” ပြောင်းလဲခဲ့ကြောင်း ယူနွတ်က ပြောကြား ခဲ့ပါသည်။ “ကြီးမားသည့် လုယက်မှု ဖြစ်စဉ်တစ်ခု ရှိခဲ့ပါသည်” ဟု ၎င်းက FT သို့ ပြောကြားခဲ့သည်။

ဟာဆီနာ အာဏာရစဉ်ကာလအတွင်း ရာနှင့်ချီသော ဘီလီယံနှင့်ချီသည့် ဒေါ်လာများကို ပြည်ပသို့ ခဝါချခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင် များက ခန့်မှန်းထားကြပါသည်။ ဗြိတိန်အပြင် ကနေဒါ၊ စင်ကာပူ၊ ကာရေ ဘီယံနှင့် အရှေ့အလယ်ပိုင်းတို့သည် ထိုရန်ပုံငွေများ သွားရောက်ရာ နေရာများဖြစ်ကြောင်း ယူနွတ်က ပြောကြားခဲ့ပါသည်။

ဗြိတိန်သို့ ၎င်း၏ ခရီးစဉ်သည် “အစပျိုးခြင်းမျှသာ” ဖြစ်ပြီး ထပ်မံ သွားရောက်ရန် စီစဉ်နေကြောင်း အကြံပေးချုပ်က ပြောကြားခဲ့သည်။ ၎င်း၏ အစိုးရအဖွဲ့သည် ဗြိတိန်ရှိ “အဘက်ဘက်မှ” ထောက်ခံမှုကို ရှာဖွေ နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“မိမိတို့ ဂရိတ်ဗြိတိန်ပြည်သူများ၏ ထောက်ခံမှုကို လိုအပ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့ပါသည်။

ကိုးကား - bdnews24

Photo: Times of Oman