နေတန်ယာဟု က အီရန်နိုင်ငံသားများကို ပုန်ကန်ထကြွရန် လှုံ့ဆော်

News Image

  • နေတန်ယာဟု က အီရန်နိုင်ငံသားများကို ပုန်ကန်ထကြွရန် လှုံ့ဆော်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီရန်နိုင်ငံသားများအား ၎င်းတို့၏ အစိုးရကို ဖယ်ရှားရန် တိုက်တွန်းလိုက်ပါသည်။ အဆိုပါ တိုက်တွန်းမှုသည် နှစ်နိုင်ငံအကြား အပြန်အလှန်တိုက်ခိုက်မှုများ မြင့်တက်လာချိန်၌ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

နေတန်ယာဟု၏ အဆိုပါတိုက်တွန်းချက်ကို အစ္စရေးလေယာဉ်များက အီရန်နိုင်ငံအနှံ့ရှိ နျူကလီးယားနှင့် စစ်ရေးအဆောက်အအုံများကို ဗုံးကြဲ တိုက်ခိုက်ပြီး နာတန်ဇ်မြို့မှ ယူရေနီယမ်သန့်စင်ရေးစက်ရုံနှင့် အကြီးတန်း စစ်ဘက်အရာရှိကြီးများ၊ နျူကလီးယားသိပ္ပံပညာရှင်များကို ချေမှုန်း တိုက်ခိုက်ပြီးနောက် နာရီပိုင်းအတွင်း ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ အီရန် ဘက်ကလည်း ကာမီကာဇီဒရုန်းများ၊ ပဲ့ထိန်းဒုံးကျည်များနှင့် တုံ့ပြန် တိုက်ခိုက်ခဲ့ပြီး အချို့ဒုံးကျည်များသည် တယ်လ်အဗစ်မြို့ကို ထိမှန်ခဲ့ပါသည်။

“ယခုအချိန်သည် သင်တို့အတွက် အာဏာရှင်စနစ်၏ ဖိနှိပ်မှုကနေ လွတ်မြောက်ရန် သမိုင်းဝင်အမွေအနှစ်နှင့် အလံတော်အောက်မှာ စည်းလုံးစွာ ရပ်တည်ရန် အချိန်ကောင်းပါပဲ။ ယခုအခါမှာ အာဏာရှင် စနစ်ဟာ အရင်ကထက် အားနည်းနေပါပြီ” ဟု နေတန်ယာဟုက ဗီဒီယို သတင်းစကားတွင် ပြောကြားခဲ့ပါသည်။

“ဒါဟာ သင်တို့၏ အသံတွေကို ကမ္ဘာကကြားစေဖို့ ရပ်တည်ရမည့် အခွင့်အရေးပါ” ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့ပါသည်။

နေတန်ယာဟုက “Operation Rising Lion” အမည်ရှိ တိုက်ခိုက်မှု၏ ရည်ရွယ်ချက်သည် “အစ္စရေးကို ခြိမ်းခြောက်နေသည့် နျူကလီးယားနှင့် ဒုံးပျံအန္တရာယ် နှစ်မျိုးစလုံးကို အပြီးသတ်ဖယ်ရှားရန်ဖြစ်သည်” ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

အီရန်က အဆိုပါတိုက်ခိုက်မှုကို စစ်ရေးကျူးလွန်မှုအဖြစ် ပြင်းပြင်း ထန်ထန် ရှုတ်ချပြီး “ပြင်းထန်သည့် အပြစ်ပေးမှု” ချမှတ်မည်ဟု ကတိပြု ခဲ့ပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂