ထရမ့်က အီရန်နှင့်ပဋိပက္ခအတွင်း တိုက်ရိုက်ပါဝင်ရန် စဉ်းစားနေ
သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် အစ္စရေး၏ ပဋိပက္ခတွင် အမေရိကန် တိုက်ရိုက်ပါဝင်ရန် အလေးအနက်စဉ်းစားနေကြောင်း အမေရိကန် မီဒီယာများက အင်္ဂါနေ့ (ဇွန် ၁၇) တွင် ဖော်ပြခဲ့သည်။
သမ္မတထရမ့်သည် အီရန်၏နျူကလီးယားစက်ရုံများကို အစ္စရေး၏ တိုက်ခိုက်မှုအား ချီးကျူးခဲ့သော်လည်း ယခုအထိ တိုက်ခိုက်ရေး အစီအစဉ်များတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိဘဲ အမေရိကန် စစ်လက်နက်များကို အသုံးပြု၍ အစ္စရေးအား အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများကို ကာကွယ်ရန် ကူညီခဲ့သည်။
အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းများနှင့် အရှေ့ အလယ်ပိုင်းပဋိပက္ခအရှိန်မြင့်တက်လာမှုဆိုင်ရာ အစည်းအဝေးမတိုင်မီ Axios နှင့် CBS News တို့က ထရမ့်သည် အမေရိကန်ကို အဆိုပါ ပဋိပက္ခ တွင် ပါဝင်စေရန် စဉ်းစားနေကြောင်း ဖော်ပြခဲ့သည်။
Axios သတင်းဌာနက အမည်မဖော်လိုသူ အရာရှိ (၃) ဦး၏ ပြောကြားချက်ကို ကိုးကား၍ “သမ္မတထရမ့်သည် အီရန်၏နျူကလီးယားစက်ရုံများ၊ အထူးသဖြင့် Fordow ရှိ မြေအောက်ယူရေနီယမ် ထပ်တိုး သန့်စင်ရေး စက်ရုံကို အမေရိကန်အနေဖြင့် တိုက်ခိုက်မှုပြုလုပ်ရန် အလေးအနက် စဉ်းစားနေသည်” ဟု ရေးသားခဲ့သည်။ အစ္စရေးအရာရှိများ၏ ပြောကြားချက် အရ အမေရိကန်သည် “ရက်အနည်းငယ်အတွင်း အဆိုပါစစ်ပွဲတွင် ပါဝင်လာမည်” ဟု သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်ကို အစည်းအဝေးတွင် ဆွေးနွေးသွားမည် ဖြစ်သော်လည်း ထရမ့်၏အနီးကပ်အကြံပေးများကြားတွင် တညီတညွတ်တည်း သဘောတူညီမှုမရှိသေးဟု CBS News က ယင်းကိစ္စနှင့်ရင်းနှီးသော သတင်းရင်းမြစ်များကိုကိုးကားပြီး ဖော်ပြခဲ့ပါသည်။
Fordow ယူရေနီယမ်ထပ်တိုးသန့်စင်ရေးစက်ရုံသည် မြေအောက် နက်ရှိုင်းသောနေရာတွင် ခိုင်ခန့်စွာတည်ဆောက်ထားပြီး အစ္စရေးလေတပ်၏ တိုက်ခိုက်မှုများကိုခံခဲ့ရသော်လည်း အတွင်းပိုင်း၌ ကြီးမားသည့် ထိခိုက်ပျက်စီးမှုရှိခဲ့သည့် အထောက်အထား မတွေ့ရသေးကြောင်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အထွေထွေ အတွင်းရေးမှူး Rafael Grossi ကပြောပါသည်။
အစ္စရေး၌ Fordow စက်ရုံကို အပြည့်အဝဖျက်ဆီးနိုင်သည့် “Bunker-buster” ဗုံးများမရှိသော်လည်း အဆိုပါဒေသတွင်တပ်စွဲထားသော အမေရိကန် တပ်ဖွဲ့များတွင် ယင်းလက်နက်များရှိပြီး အသုံးပြုနိုင်စွမ်းလည်း ရှိသည် ဟု Axios သတင်းဌာနက ကဖော်ပြခဲ့ပါတယ်။
အမျိုးသား လုံခြုံရေး အကြံပေး Tzachi Hanegbi ၏ ပြောကြားချက်အရ အစ္စရေး၏ အီရန်ဆန့်ကျင်ရေး စစ်ဆင်ရေးသည် “Fordow နျူကလီးယား စက်ရုံကို ပျက်စီးစေခြင်းမရှိဘဲ အဆုံးသတ်မည်မဟုတ်” ဟု ဆိုသည်။ အမေရိကန် ပါဝင်မည်လားဆိုသည်မှာ မရှင်းလင်းသေးသော်လည်း အစ္စရေးသည် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝါရှင်တန်နှင့် အဆက်မပြတ် ဆက်သွယ်ဆောင်ရွက်နေကြောင်း ၎င်းက တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဖော်ပြခဲ့သည်။
အင်္ဂါနေ့ (ဇွန် ၁၇) လုံခြုံရေးအစည်းအဝေးမတိုင်မီ နာရီအနည်းငယ် အလိုတွင် ထရမ့်သည် Truth Social တွင် တိုက်ခိုက်ရေး သဘော ဆောင်သော ပို့စ်များကို အဆက်မပြတ် တင်ခဲ့သည်။ ထို့အပြင် အမေရိကန် သည် လက်ရှိတွင် အီရန်၏ လေကြောင်းနယ်နိမိတ်တွင် အတားအဆီး မရှိ လွှမ်းမိုးထားကြောင်း၊ အီရန်၏ အမြင့်ဆုံးခေါင်းဆောင် Ali Khamenei အား လုပ်ကြံသတ်ဖြတ်နိုင်ကြောင်း ဝါကြွားပြောဆိုခဲ့ပြီး တီဟီရန်အား လက်နက်ချ အညံ့ခံရန် တောင်းဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂