ရုရှားကို ပိတ်ဆို့အရေးယူမှုများက အမေရိကန်ကို 'ဘီလီယံပေါင်းများစွာ' ကုန်ကျစေမည်ဟု ထရမ့်ပြော

News Image

  • ရုရှားကို ပိတ်ဆို့အရေးယူမှုများက အမေရိကန်ကို 'ဘီလီယံပေါင်းများစွာ' ကုန်ကျစေမည်ဟု ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မဟာမိတ်နိုင်ငံများ၏ ဖိအားများ ရှိသော်လည်း ရုရှားကို ပိုမိုတင်းကျပ်သော ပိတ်ဆို့အရေးယူမှုများ ကျင့်သုံးရန် အဆင်သင့်မဖြစ်သေးကြောင်း Bloomberg သတင်းဌာနက အင်္ဂါနေ့ (ဇွန် ၁၇) တွင် ဖော်ပြခဲ့သည်။ ထပ်လောင်း အရေးယူ ဒဏ်ခတ်မှုများက ၎င်း၏နိုင်ငံအတွက် ငွေကြေးအမြောက်အမြား ကုန်ကျ မည်ကို စိုးရိမ်ကြောင်း ထရမ့်က ဖော်ပြခဲ့သည်။

အမေရိကန်ခေါင်းဆောင်က မော်စကိုအပေါ် ဒဏ်ခတ်မှုအသစ်များ ချမှတ်ရန် စဉ်းစားနေကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ယခု အချိန်ထိ မည်သည့်အရေးယူမှုကိုမျှ မဆောင်ရွက်သေးပေ။ ကနေဒါနိုင်ငံ အယ်လ်ဘာတာတွင် ကျင်းပသော G7 ထိပ်သီးအစည်းအဝေးတွင် သတင်းထောက်များနှင့် ပြောဆိုရာတွင် ၎င်းသည် ပထမဦးစွာ “သဘော တူညီချက် လက်မှတ်ရေးထိုး၊မရေးထိုး” ကို ကြည့်လိုသည်ဟု ဆိုခဲ့သည်။

“မိမိအနေဖြင့် နိုင်ငံတစ်နိုင်ငံကို ပိတ်ဆို့ဒဏ်ခတ်သည့်အခါ အမေရိကန် အတွက် ငွေအမြောက်အမြား ကုန်ကျပါသည်။ အလွန်အမင်း ကြီးမားသည့် ငွေပမာဏပါ။ ဒါက စာရွက်တစ်ရွက်မှာ လက်မှတ်ထိုးလိုက်ရုံဖြင့် ပြီး သွားမည် မဟုတ်ပါ။ သင်ပြောနေတာက ဘီလီယံပေါင်းများစွာသောဒေါ်လာတွေအကြောင်းပါ။ ပိတ်ဆို့ဒဏ်ခတ်မှုတွေက အဲ့လောက် မလွယ်ပါ။ တစ်ဖက်သတ် လမ်းကြောင်းမဟုတ်ပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။ 

ရီပတ်ပလီကန် ဆီးနိတ်လွှတ်တော်အမတ် Lindsey Graham က ယခု နှစ်အစောပိုင်းတွင် ၎င်းတင်သွင်းခဲ့သည့် ဥပဒေကြမ်းတွင် ပိတ်ဆို့ အရေးယူမှုများကို အတိုင်းအတာကျော်လွန် တိုးမြှင့်ရန် ထောက်ခံ ခဲ့သည်။ ၎င်းတွင် အခြားအရေးယူမှုများအပြင် မော်စကိုက ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ငြင်းဆန်ပါက ရုရှား၏ ရေနံနှင့် ဓာတ်ငွေ့များကို ဝယ်ယူသည့် နိုင်ငံများအား ၅၀၀% အကောက်ခွန် ကျင့်သုံးခြင်းလည်း ပါဝင်သည်။ နောက်ပိုင်းတွင် ကိယက်ဗ်အား စစ်ရေး အကူအညီပေးသည့် နိုင်ငံများအတွက် ခြွင်းချက်များ ပြုလုပ်ရန် အဆိုပြုခဲ့သည့် Graham က အဆိုပြုထားသော အရေးယူမှုများသည် ရုရှား အတွက် “အလွန်အထိနာစေမည်” ဟု ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အဆိုပြုထားသော ပိတ်ဆို့အရေးယူမှုများက သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့ပြီး ဥပဒေပြုသူများ အား ထရမ့်အုပ်ချုပ်ရေးအား မော်စကိုနှင့် ကိယက်ဗ်နှင့် ညှိနှိုင်း ဆွေးနွေးရန် ပိုမိုကျယ်ပြန့်သောလုပ်ပိုင်ခွင့်များ ပေးအပ်ရန် တိုက်တွန်းခဲ့သည်။

ယခင်က သမ္မတ Joe Biden သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်း ပဋိပက္ခ နှင့်စပ်လျဉ်း၍ မော်စကိုနှင့် များစွာသော ဆက်သွယ်မှုများကို ဖြတ်တောက်ခဲ့ပြီး ရုရှားအရာရှိများနှင့် ကုမ္ပဏီများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့ အရေးယူမှုများ ချမှတ်ခဲ့သည်။ ထရမ့်သည် Biden အား သံတမန်ရေး နည်းလမ်းများကို ရှောင်ရှားခြင်းအတွက် ဝေဖန်ခဲ့ပြီး ရုရှားနှင့် ယူကရိန်း အကြား ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကို ညှိနှိုင်းရန် ကတိပြုခဲ့သည်။ မော်စကိုက ထရမ့်၏ ကြိုးပမ်းမှုကို ကြိုဆိုခဲ့သော်လည်း သဘောတူညီချက်ရရှိရန် တိုးတက်မှုမှာ နှေးကွေးနေဆဲဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂