အီရန်သည် အစ္စရေးသို့ ဒုံးကျည်ဒါဇင်နှင့်ချီ၍ ပစ်လွှတ်ခဲ့ပြီး အရပ်သား နေရာများကို အမြောက်အမြား ထိမှန်ခဲ့သည်ဟု အစ္စရေးစစ်ဘက် အရာရှိတစ်ဦးကပြောကြား
အစ္စရေးစစ်ဘက်အရာရှိတစ်ဦး၏ ပြောကြားချက်အရ အီရန်သည် ကြာသပတေးနေ့ (ဇွန် ၁၉) နံနက်ပိုင်းတွင် ဒုံးကျည်ဒါဇင်နှင့်ချီ၍ ပစ်လွှတ် တိုက်ခိုက်ခဲ့ပြီး အရပ်သားနေရာများကို အမြောက်အမြား ထိမှန် ခဲ့ကြောင်း သိရှိရပါသည်။
အစ္စရေး၏ တောင်ပိုင်းမြို့တစ်မြို့ဖြစ်သော Be’er-Sheva မြို့ရှိ အဓိက ဆေးရုံကြီးတစ်ခုသည်လည်း အီရန်၏ဒုံးကျည်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ကြောင်း ဆေးရုံပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“ဒဏ်ရာရရှိသူများအပါအဝင် ထိခိုက်ပျက်စီးမှုအခြေအနေကို ဆန်းစစ်နေပါသည်” ဟု Soroka ဆေးရုံကြီး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး နေရာအနှံ့အပြားတွင် ကြီးမားသော ထိခိုက်ပျက်စီးမှုများရှိကြောင်း ဖော်ပြခဲ့သည်။ လက်ရှိအချိန်တွင် ဆေးရုံသို့ လာရောက်ခြင်း မပြုရန်ကိုလည်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။
အစ္စရေး၏ အဆင့်မြင့်ဆေးရုံကြီးများထဲမှ တစ်ခုအဖြစ် ဂုဏ်ယူစွာ ဖော်ပြထားသော Soroka ဆေးရုံအနီးတစ်ဝိုက် တိုက်ခိုက်မှု နောက်ပိုင်း အခြေအနေများကို ဖော်ပြထားသည့် တယ်လီဂရမ် ဗီဒီယိုများတွင် အဆောက်အဦများစွာ ပျက်စီးနေသည့်အပြင် မြေပြင်ပေါ်တွင် အပျက်အစီးများ စုပုံနေသည်ကို တွေ့ရသည်။
အစ္စရေးကာကွယ်ရေးတပ် (IDF) ၏ ပြည်တွင်းလုံခြုံရေးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို ထိခိုက်မှုဖြစ်ပွားသည်ဟု အစီရင်ခံထားသော နေရာများသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂