အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနိုင်ငံသားများအား “စစ်ဘက် ဆိုင်ရာ နေရာများ၊ ထောက်လှမ်းရေးအခြေစိုက်နေရာများနှင့် နီးကပ်သောနေရာများကို ရှောင်ကြဉ်ရန်” တိုက်တွန်းနှိုးဆော်

News Image

  • အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနိုင်ငံသားများအား “စစ်ဘက် ဆိုင်ရာ နေရာများ၊ ထောက်လှမ်းရေးအခြေစိုက်နေရာများနှင့် နီးကပ်သောနေရာများကို ရှောင်ကြဉ်ရန်” တိုက်တွန်းနှိုးဆော်

အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနိုင်ငံသားများအား စစ်ဘက်ဆိုင်ရာနေရာများ၊ ထောက်လှမ်းရေးအခြေစိုက်နေရာများနှင့် နီးကပ်သော နေရာများကို ရှောင်ရှားရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

Abbas Araghchi က X တွင် အီရန်စစ်တပ်သည် အစ္စရေး၏ ကွပ်ကဲမှု၊ ထိန်းချုပ်မှုနှင့် ထောက်လှမ်းရေးဌာနချုပ်ကို တိကျစွာဖျက်ဆီးနိုင်ခဲ့ပြီး နောက်ထပ်အရေးကြီးသော ပစ်မှတ်တစ်ခုကိုပါ ထည့်သွင်းဖျက်ဆီး ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း နေရာအချက်အလက်ကို ဖော်ပြခဲ့ခြင်း မရှိပေ။

၎င်းက ပေါက်ကွဲမှု၏အရှိန်သည် အနီးရှိ Soroka ဆေးရုံကို “အပေါ်ယံ ပျက်စီးမှု” ဖြစ်ပေါ်စေခဲ့ကြောင်း၊ ၎င်းဆေးရုံတွင် ဂါဇာတွင် ဒဏ်ရာရခဲ့သော အစ္စရေးစစ်သားများကို ကုသပေးနေသည်ဟု ဆိုသည်။

အစ္စရေးဘက်က အီရန်သည် ဆေးရုံကို တိုက်ရိုက်ပစ်မှတ်ထားခဲ့သည်ဟု ဆိုသော်လည်း အီရန်ဘက်က ဆေးရုံအနီးရှိ ကွပ်ကဲမှုစင်တာကို ပစ်မှတ်ထားခဲ့ခြင်းသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။

“လွန်ခဲ့သောသီတင်းပတ်ကတည်းက အစ္စရေးက တရားမျှတမှု ကင်းမဲ့စွာဖြင့် အီရန်ပြည်သူများကို စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် များစွာသော အပြစ်မဲ့အီရန်နိုင်ငံသားများ သေဆုံးခဲ့ရသည်” ဟု Araghchi က ဆိုသည်။

“မိမိတို့၏အင်အားကြီးမားသော လက်နက်ကိုင်တပ်ဖွဲ့များသည် မိမိတို့၏ ပြည်သူများကို ပစ်မှတ်ထားသည့် ရာဇဝတ်သားများကို ရပ်တန့်ပြီး မိမိတို့နိုင်ငံအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုအတွက် လက်နက်ချသည် အထိ ဆက်လက်တိုက်ခိုက်သွားမည်” ဟု ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးသည် သောကြာနေ့ (ဇွန် ၂၀) တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့သို့ သွားရောက်ကာ ဥရောပနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ သံတမန်တစ်ဦးက အဆိုပါ ဆွေးနွေးပွဲသည် စမ်းသပ်ဆန်းစစ်ရန် ရည်ရွယ်ပြီး “မည်သည့်အရာများ ရရှိနိုင်မည်ဆိုသည့် အခြေအနေကို စမ်းသပ်ရန်” ဖြစ်ကြောင်း CNN သို့ ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: DW

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂