ထရမ့်က ဆီးရီးယားခေါင်းဆောင်၏ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံရမှုကို ပြန်လည်သုံးသပ်ရန် အမိန့်ထုတ်ပြန်
သမ္မတ ဒေါ်နယ်ထရမ့်သည် ဆီးရီးယားအပေါ် ဆယ်စုနှစ်များစွာ ကတည်းက ကျင့်သုံးခဲ့သော ပိတ်ဆို့အရေးယူမှုများကို အဓိက ဖျက်သိမ်းသည့် သမ္မတအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဘာရှာအာဆတ် အစိုးရဟောင်းကို ဖယ်ရှားခဲ့သည့် အစ္စလာမ်မစ်တပ်ပေါင်းစု ခေါင်းဆောင် Ahmed al-Sharaa ၏ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံရမှုကို ပြန်လည်သုံးသပ်ရန် အမိန့်ပေးခဲ့သည်။
ထရမ့်သည် တနင်္လာနေ့ (ဇွန် ၃၀) တွင် အဆိုပါ အမိန့်ကို လက်မှတ်ထိုးခဲ့ပြီး ဘာရှာအာဆတ်နှင့် ယခင်အစိုးရအပေါ် ဦးတည် အရေးယူမှုများကို ဆက်လက်ထိန်းသိမ်းထားသော်လည်း ကျယ်ပြန့်သည့် ဘဏ္ဍာရေး ပိတ်ဆို့မှုများကို လျှော့ပေါ့ပေးခဲ့သည်။ ယခင်အစိုးရကို Hayat Tahrir al-Sham (HTS) ဦးဆောင်သော အကြမ်းဖက်သမားများက ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ဖယ်ရှားခဲ့သည်။
အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသော အဖွဲ့များအပေါ် ပိတ်ဆို့မှုများကိုလည်း ဆက်လက် ကျင့်သုံးမည်ဖြစ်သည်။ သို့သော် ထရမ့်၏ အမိန့်တွင် HTS အား “ပြည်ပအကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်ခံရမှုနှင့် al-Sharaa အား “အထူးသတ်မှတ်ထားသော ကမ္ဘာ့ အကြမ်းဖက်သမား” အဖြစ် သတ်မှတ်ခံရမှုတို့ကို ပြန်လည်သုံးသပ်ရန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio အား တာဝန်ပေးထားသည်။ ထို့အပြင် ၁၉၇၉ ခုနှစ်ကတည်းက သတ်မှတ်ခဲ့သည့် ဆီးရီးယား၏အကြမ်းဖက်မှုကို အားပေးသည့်နိုင်ငံ အဆင့်သတ်မှတ်ချက်ကိုလည်း ပြန်လည်ဆန်းစစ်သွားမည်ဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်သည် ထရမ့်နှင့် al-Sharaa တို့ မေလက ရီယက် မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအပြီးတွင် ရရှိလာခြင်းဖြစ်ပြီး ထိုဆွေးနွေးပွဲ တွင် ဆီးရီးယားပြန်လည်တည်ဆောက်ရေးနှင့် အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်နိုင်ခြေများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထိုအချိန်က ထရမ့်က ဒမက်စကပ်ရှိ အစိုးရအသစ်အား “ကြီးမြတ်သော အခွင့်အရေး တစ်ရပ်” ပေးရန် ကတိပြုခဲ့သည်။ ဝါရှင်တန်နှင့် ဒမက်စကပ်ကြား နီးကပ်လာသည့် ဆက်ဆံရေးကို ကြီးကြပ်ရန် ၎င်းက တူရကီဆိုင်ရာ အမေရိကန် သံအမတ်နှင့် ကာလရှည်ကြာကတည်းက ယုံကြည်ရသူ Thomas Barrack ကို ဆီးရီးယားဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။
တနင်္လာနေ့ (ဇွန် ၃၀) တွင် သတင်းထောက်များနှင့် ပြောကြားရာတွင် Barrack က “ယခင်က al-Nusrah အဖွဲ့ဝင်ဖြစ်ပြီး အကြမ်းဖက်သမား အဖြစ် သတ်မှတ်ခံထားရသူတစ်ဦးသည် ရုတ်တရက် ခေါင်းဆောင် ဖြစ်လာခြင်းနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ရှိနေသည်” ဟု ဝန်ခံ ပြောဆို ခဲ့ပြီး ဆီးရီးယား၏ နိုင်ငံရေးအပြောင်းအလဲနှင့် အမေရိကန် လွတ်လပ်ရေး၏ အစောပိုင်းနှစ်များကြား သမိုင်းနှိုင်းယှဉ်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။
“သင်တို့ မှတ်မိကြမည်ဆိုပါက မိမိတို့တွင် ၁၄ လကြာသည့် တော်လှန်ရေး စစ်ပွဲ ဖြစ်ခဲ့ဖူးသည်။ မိမိတို့တွင် ရက်စက်မှုများ ရှိခဲ့သည်။ ၁၇၇၆ ခုနှစ် လွတ်လပ်ရေးကြေညာချိန်ကနေ သမ္မတတစ်ဦး ရရန် ၁၂ နှစ်ကြာခဲ့သည်၊ သမ္မတက ဗိုလ်ချုပ်တစ်ဦးပဲ ၊ ၎င်းက George Washington ပါ” ဟု Barrack က နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Rubio က ကြိုတင်သတိပေးခဲ့သည်မှာ ဆီးရီးယားသည် “ISIS အပါအဝင် အခြားဂျီဟာဒ်အဖွဲ့များ၏ ကစားကွင်းတစ်ခု ဖြစ်လာခဲ့ကြောင်း” ဝန်ခံခဲ့သော်လည်း ဆီးရီးယား အစိုးရအသစ်သည် “FBI ၏ နောက်ခံ စစ်ဆေးမှုကို မအောင်မြင်ခဲ့ကြောင်း” လည်း ထောက်ပြခဲ့သည်။
သို့သော်လည်း ၎င်းက “ဒေသတွင်း မတည်ငြိမ်မှုကို တားဆီး ကာကွယ်ရန် အမေရိကန်သည် ၎င်းတို့ကို ထောက်ခံရမည်” ဟု ခိုင်ခိုင်မာမာ ရပ်တည် ပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂