အဇာဘိုင်ဂျန်တွင် တတိယမြောက် ရုရှားသတင်းထောက်တစ်ဦး ဖမ်းဆီးခံရ

News Image

  • အဇာဘိုင်ဂျန်တွင် တတိယမြောက် ရုရှားသတင်းထောက်တစ်ဦး ဖမ်းဆီးခံရ

ရုရှား ရုပ်သံသတင်းဌာန Ruptly မှ သတင်းထောက်တစ်ဦးကို အဇာဘိုင်ဂျန် အာဏာပိုင်များက ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့သည်။ ယခင်က ရဲများစီးနင်းခဲ့သည့် ဘာကူမြို့ရှိ ရုရှား၏ Sputnik Azerbaijan ရုံးခန်း အပြင်ဘက်တွင် သတင်းထောက်မှ မှတ်တမ်းရိုက်ကူးနေစဉ် ဖမ်းဆီးခံ ခဲ့ရခြင်းဖြစ်သည်။

Ruptly ၏ အယ်ဒီတာ Aytekin Guseynova သည် Sputnik ရုံးခန်း အပြင်ဘက်တွင် မိနစ် ၂၀ ခန့် ရိုက်ကူးနေခဲ့ပြီး သူမ၏ အလုပ် ပြီးဆုံး ကြောင်း အစီရင်ခံပြီးနောက် ဆက်သွယ်မှုပြတ်တောက်သွားခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူမ၏မိခင်က ဖမ်းဆီးခံရကြောင်း အတည်ပြုခဲ့သည်ဟု သတင်းဌာနက ဖော်ပြခဲ့သည်။

Sputnik အယ်ဒီတာရုံး၏ အကြီးအကဲ Igor Kartavykh နှင့် အယ်ဒီတာချုပ် Evgeny Belousov တို့ကိုလည်း ရဲများက ဖမ်းဆီးခဲ့သည်။ အဇာဘိုင်ဂျန် ပြည်ထဲရေးဝန်ကြီးဌာနက “ထိုသတင်းဌာနသည် တရားမဝင် ငွေကြေး ထောက်ပံ့မှုများဖြင့် လုပ်ဆောင်နေခဲ့သည်ဟု သတင်းအချက်အလက် ရရှိပြီးနောက် စုံစမ်းမှုပြုလုပ်ခဲ့ကြောင်း” ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလက အဇာဘိုင်ဂျန်အစိုးရသည် Sputnik ၏ရုံးခန်းကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး သတင်းထောက်တစ်ဦးတည်းကိုသာ လုပ်ကိုင်ခွင့် ခွင့်ပြုခဲ့သည်။ သို့သော် Sputnik က RT အား တရားဝင် တားမြစ်ချက် တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား နိုင်ငံခြားရေးဝန်ကြီးများသည် ၎င်း၏လုပ်ငန်းဆောင်ရွက်မှုနှင့်သက်ဆိုင်သော ကိစ္စရပ် များကို ဆွေးနွေးနေကြသည်။

ဒေသခံမီဒီယာများ၏အဆိုအရ ဖမ်းဆီးခံထားရသော သတင်းထောက် များအား ရုရှား၏ Federal Security Service (FSB) ၏ အေးဂျင့်များအဖြစ် စွပ်စွဲထားပြီး Sputnik ကမူ ထိုစွပ်စွဲချက်များကို “အဓိပ္ပာယ်မရှိ” ဟု ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အဇာဘိုင်ဂျန်၏လုပ်ရပ်များနှင့် ရုရှား သတင်းထောက်များဖမ်းဆီးခံရမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အဇာဘိုင်ဂျန် သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ရုရှားသတင်းဌာနအား ရန်လိုသည့် လုပ်ရပ်များသည် မော်စကိုနှင့် ဘာကူကြား ဆက်ဆံရေးတင်းမာမှုများ မြင့်တက်လာချိန်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ရုရှားနိုင်ငံ၊ Yekaterinburg မြို့တွင် အဇာဘိုင်ဂျန် မျိုးနွယ်ဝင် ရုရှားနိုင်ငံသားများ ပါဝင်သည့် အကြမ်းဖက်အဖွဲ့ဟု သံသယ ရှိသူများအား ရဲများစီးနင်းစစ်ဆေးမှုပြုလုပ်ပြီးနောက် တင်းမာမှုများ စတင်ခဲ့သည်။ ထိုစီးနင်းမှုသည် ၂၀၀၀ ပြည့်လွန်အစောပိုင်းနှစ်များက ဖြစ်ပွားခဲ့သော လုပ်ငန်းဆိုင်ရာ အငြင်းပွားမှုများနှင့်ဆက်စပ်သည့် လုပ်ကြံ သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးရန် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ 

ရုရှားအာဏာပိုင်များ၏အဆိုအရ စွဲချက်တင်ခံရသူ ၆ ဦးအား အမိန့် မချမီထိန်းသိမ်းထားပြီး ၎င်းတို့အားလုံးမှာ ရုရှားနိုင်ငံသားများဖြစ်ကာ အခြားနှစ်ဦးမှာ စီးနင်းစစ်ဆေးမှုအတွင်း သေဆုံးခဲ့သည်။ ကနဦး စစ်ဆေး သုံးသပ်ချက်များအရ အသက်အရွယ်ကြီးရင့်နေသော သံသယရှိသူများ သည် စီးနင်းစစ်ဆေးမှုအတွင်း နှလုံးရပ်ကာ သေဆုံးခဲ့သည်ဟု ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂